Headlines

ချင်းပြည်က သင်းအုပ်ဆရာနှင့် ရွာသားတစ်ဦး အသတ်ခံရမှု နိုင်ငံတကာ အရေးယူရန် BRI တောင်းဆို

ဩဂုတ် ၂၈ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်က အကြီးတန်း သင်းအုပ်ဆရာတော် Reverend William နဲ့ ရွာသားတစ်ဦးဖြစ်တဲ့ Mr. Nam Ceu တို့ကို စစ်ကော်မရှင်တပ်က တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ Burma Research Institute (BRI) အဖွဲ့က အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဆရာတော် Reverend William နဲ့ Mr. Nam Ceu တို့ ဖမ်းဆီးခံရပြီး ၃ လကျော်အကြာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်မှာ ဒေသခံပြည်သူတွေနဲ့ ဟားခါးမြို့က သင်းအုပ်ဆရာတော်တွေ တက်ရောက်တဲ့ ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ချွန်ကျုံးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ သင်းအုပ်ဆရာတော်ဟာ ချွန်ကျုံးနှစ်ခြင်းအသင်းတော်မှာ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇနီးသည်နဲ့ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ပဲခူးအခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၇၇) က တပ်ဖွဲ့ဝင်တွေဟာ ချွန်ကျုံးကျေးရွာနဲ့ တစ်မိုင်ခန့်အကွာက တောင်ယာတဲတစ်ခုမှာ Reverend William နဲ့ Mr. Nam Ceu တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီတဲထဲမှာ လူ ၅ ဦး ရှိနေတဲ့အနက် ၃ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ Reverend William ကတော့ မိမိရဲ့ သင်းအုပ်ဆရာ မှတ်ပုံတင်ကတ်ပြားက အကာအကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပြီး ထွက်မပြေးဘဲ အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့က ခိုင်လုံတဲ့ သတင်းရင်းမြစ် ၂ ခုက BRI ကို ပြောဆိုချက်အရ ၎င်းတို့နှစ်ဦးကို Colonel Hluan Moe Naing က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဟားခါးမြို့နဲ့ ဇွန်လ ၃ ရက်နေ့မှာ ထန်တလန်မြို့တို့မှာ အတူရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဇွန်လ ၄ ရက်နေ့မှာတော့ အဲဒီအမျိုးသားနှစ်ဦးလုံး သတ်ဖြတ်ခံခဲ့ရတယ်လို့ အသင်းတော်နဲ့ မိသားစုဝင်တွေက အတည်ပြု ကောက်ချက်ချခဲ့ကြပါတယ်။

ဟားခါးမြို့က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့နှစ်ဦး ဘယ်ရောက်နေသလဲဆိုတာ သိရှိနိုင်ဖို့ ဟားခါးနဲ့ ဖလမ်းမြို့က စစ်ဘက်အာဏာပိုင်တွေအပြင် တပ်မ ၇၇ တပ်မမှူးဆီကိုပါ အကြိမ်ကြိမ် အသနားခံ စုံစမ်းမေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ ပြန်လည်အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

Reverend William ဟာ ဟားခါး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

BRI အဖွဲ့ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့ American Baptist Churches USA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ Rev. Dr. Robin Stoops က “ကျွန်တော်တို့အနေနဲ့ ဆရာတော်ရဲ့ မိသားစုဝင်တွေ၊ အသင်းတော်ဝင်တွေအပြင် နေရာအနှံ့က ချင်းညီအစ်ကို မောင်နှမတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ တရားစီရင်မှု လုပ်ငန်းစဉ်မရှိဘဲ ကျူးလွန်ခဲ့တဲ့ တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒီကြေကွဲမှုအတွက် လက်တွေ့လုပ်ဆောင်ချက်တွေ လိုအပ်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

BRI အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က “မြန်မာနိုင်ငံမှာ ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ထရမ့်အစိုးရအဖွဲ့ကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

ဟားခါးမြို့နဲ့ ၁၅ မိုင်ခန့်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ချုင်ကျုံးကျေးရွာဟာ ကလေးမြို့ကနေ ဟားခါးမြို့ဆီ စစ်ကော်မရှင်တပ်တွေ အဓိက သွားလာတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကျေးရွာမှာ စစ်ကော်မရှင်တပ်တွေရဲ့ လုပ်ရပ်ကြောင့် နေအိမ် ၁၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို အရပ်သား ၁၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ချွန်ကျုံးနှစ်ခြင်းအသင်းတော်ပိုင် အဆောက်အအုံနဲ့ ပစ္စည်းတွေကိုလည်း လုယက်ဖျက်ဆီးတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ မြန်မာနိုင်ငံဟာ စစ်အစိုးရအဆက်ဆက်ရဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကြောင့် ၁၉၉၉ ခုနှစ်ကတည်းက အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ခံထားရပေမဲ့ အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူးလို့ BRI ကလည်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *