Headlines

ကလေး – တမူးလမ်းပေါ်က နေကျော်ကြီး

====================

Bagyi Aung

ကလေး – တမူးကားလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေးလမ်းမ ကြီးအဖြစ်နဲ့ နာမည်ကြီးခဲ့သလို ။မဆလခေတ်ကလည်းမှောင်ခိုလမ်းကြီးအဖြစ် နာမည်ကြီးခဲ့ပါတယ် ။ အဲဒီခေတ်က စက်ဘီးနင်းခဲ့သူတွေဆိုရင် အခုအသက် ( ၇၀ )ကျော်ရှိကြပါလိမ့်မည် ။

ကလေးမြို့နယ်အတွင်းပါဝင်တဲ့ ကလေး – တမူးလမ်းပိုင်းမှာတော့ နေကျော်ကြီး ၊ နေကျော်လေးနေရာများသည် နာမည်ကြီးပါတယ် ။ တော ၊ တောင်ကောင်းတော့ ဓါးပြပေါတဲ့နေရာလို့ပြောရမှာပေါ့ဗျာ ။ ၈၈ အရေးအခင်းပြီးတော့နေကျော်ကြီးနေရာမှာလုံခြုံရေးအဖွဲ့တွေကဓါးပြတွေကို ဖမ်းဆီးပြီး ကိုယ့်ကျင်းကိုယ်တူးစေပြီး အဆုံးစီရင်ခဲ့တယ်လို့ဆိုပါတယ် ။

အဲဒီနောက်ပိုင် ဓါးပြတိုက်သံ မကြားရသလောက်ပါ ။

၁၉၉၅ လောက်မှာ ကျွန်တော်ကတော့နေကျော်ကြီး ၊ နေကျော်လေးလမ်းပိုင်းမှာ မကြာခဏ စက်ဘီးလေးနင်းပြီး ခရီးသွားရပါတယ် ။ အခုလို လမ်းမကောင်းသလို ခရီးသွားလာကြသူများလည်းအလွန်နည်းပါတယ် ။

ကလေးမြို့လမ်းဆုံဘက်ကနေ စက်ဘီးလေးနင်းပြီးထွက်လာခဲ့ရင် ၂၂၈လမ်းထိပ်တိကုရုံးမျက်နှာစာမှာ ထိပ်တန်းလ္ဘက်ရည်ဆိုင်ရှိပါတယ် ။ အဲဒီမှာ လ္ဘက်ရည်သောက်ပါတယ် ။ အဲဒီအချိန်ကတော့ အိမ်တွေဟာတစ်အိမ်နဲ့ တစ်အိမ် ခပ်ကျဲကျဲပါပဲ ။အခုလို မစည်ကားသေးပါ ။

အဲဒီကနေ ထွက်လာခဲ့တာ ပဲဝိုင်ပေါ့ဗျာ ။ပဲဝိုင်ကလည်း အိမ်တွေက တောင်တအိမ်မြောက်တအိမ်ပါဘဲ ။ အဲ..လမ်းကတော့၁၂ ပေကျယ်တဲ့ ကတ္တရာလမ်းပါ ။ ကတ္တရာလမ်းဆိုလို အထင်မကြီးလိုက်ပါနဲ့ ချိုင့်တွေခွက်တွေနဲ့ပါ ၊ မြို့ပြင်ရောက်ပြီဟေ့……ဆိုရင် ဒုန်း ဂျိုင်း ဂွမ်းပါဘဲ ။ တချို့လူတွေက မင့်တို့….ကလေးမြို့လမ်းကလည်းကွာ….ကျောက်ခဲဝါးသွားရင်တောင် အစာကြေလောက်တယ်….ဟုစနောက်ကြပါတယ် ။

ကတ္တရာလမ်းရဲ့ ဘေးနှစ်ဘက်မှာတော့ နွားလှည်းလမ်းတွေရှိပါတယ် ။ပဲဝိုင်းကျော်လာပြီး လမ်းဘေးတစ်လျှောက်မှာ ပေါက်ပင်တွေက ဟို…တစ်ပင် ဒီ….တစ်ပင်မြင်ရပါတယ် ပေါက်ပွင့်ချိန်ဆိုရင်တောတစ်ပင်လုံးရဲနေတာပေါ့ဗျာ ၊ ဒါလဲ သဘာဝအလှတစ်ခုပါ ။

အဲဒီလိုနဲ့ စက်ဘီးလေးကိုနင်းလာလိုက်တာနေရဥ္ဇရာမြစ်ကူး ဖောင်ကူးတံတာကိုရောက်ပါတယ် ။ ဖောင်ကူးတံတားက အဲဒီအချိန်ကသံဘောင်ဘေလီတံတားကြီးပါ ။ တံတားအောက်ခင်းတွေက သစ်သားတွေခင်ထားတာပါ ။ တချို့နေရာတွေက အပေါက်တွေနဲ့ဆိုတော့ စက်ဘီးကို ဆင်းပြီးတွန်းရပါတယ် ။

အဲ….ဖောင်ကူးနွားအုပ် တံတားဖြတ်ချိန်ဆိုရင် ရပ်ပြီးစောင့်ဆိုင်းနေရတယ်ဗျ ။ကျွန်တော်တို့မြို့မှာ စကားဆိုလေးရှိတယ်။ကလေး – ကျောင်းသားဖောင်ကူး – နွားတဲ့သူတို့ဟာ ဘယ်တော့မှာ ကားတွေ စက်ဘီးတွေကို လမ်းဖယ်မပေးကြပါဘူး ။

ကလေးမြို့ ထ ( ၁ ) ကျောင်းဆင်းချိန်ဆိုရင်ကျောင်းသား ၊ သူအုပ်လိုက်ကြီးစက်ဘီးစီးလာရင် ကျန်တဲ့သူတွေက လမ်းဖယ်ပေးကြရပါတယ် ။ ထိုနည်းတူ ဖောင်ကူးက နွားအုပ်ကြီး ကားလမ်းမပေါ်မောင်းလာရင် မော်တော်ကားပါ ရပ်ပေးထားရပါတယ် ။

တံတား လွန်ရင် အခုလိုဘဲ လမ်းနှစ်ခွပါ ။တစ်လမ်းကတော့ ကျီကုန်း – ကလေးဝသွားတဲ့လမ်းပေါ့ ၊ နောက်တစ်လမ်းကတော့ဖောင်ကူးရွာကိုဖြတ်ပြီး ( ဖောင်ကူးရွာဟောင်းနေရာကို ပြောတာပါ ) အင်ဒိုင်းကြီးရွာကို သွားတဲ့လမ်ပါ ။ ထိုအချိန်က ဖောင်ကူးရွာမှာ နေထိုင်သူအိမ်ခြေနည်းပါတယ် ။

မှတ်မှတ်ရရ မြေအိုးတွေလုပ်တဲ့ အိမ်တစ်အိမ်တော့ ရှိတယ် ။ ကျန်တာကတော့ နွားမွေးကြတဲ့ နွားခြံတွေပါ ။ နွားခြံတွေက နွားအကောင် တစ်ရာ နှစ်ရာ မွေးကြတာပါ ။

ဖောင်ကူး – အင်ဒိုင်းကြီးလမ်းက ယခုအင်ဒိုင်းကြီးရွာတောင်ဘက်ကလမ်းမဟုတ်ပါဘူး ။ ရွာနောက်ဖက်က ဝင်ရတဲ့လမ်းပါ ။အဲဒီလမ်းက ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းတောင်ဘက်ကနေ တမူး -ကလေး ကားလမ်းမကြီးပေါ် ပြန်ရောက်ပါတယ် ။ အင်ဒိုင်းကြီးရွာဆိုတာ အခုလိုဖွံ့ဖြိုးတိုးတက်မှုမရှိသေးပါဘူး ။

ဟို…တစ်ချိန်က အင်ဒိုင်းကြီးရွာရောက်ရင်ခရီးတစ်ထောက်နားရင် ခေါက်ဆွဲသုတ်ဝင်စားရပါတယ် ။ ခေါက်ဆွဲသုတ်ဆိုင်နှစ်ဆိုင်ရှိပါတယ် ။ လမ်းအရှေ့ဘက်မှာတစ်ဆိုင် ၊ လမ်းအနောက်ဘက်မှာ တစ်ဆိုင်ဒီနှစ်ဆိုင်ရှိတာပါ ။ အခုတော ဖွံ့ဖြိုးတိုးတက်လို့ လ္ဘက်ရည်ဆိုင် ၊ ဘီယာဆိုင် ၊ စာသောက်ဆိုင်များနှင့် စည်ကားနေပါပြီ ။

အင်ဒိုင်းကြီးရွာကျော်တော့ အင်ဒိုင်းလေးရွာပါ ။ အင်ဒိုင်းလေးကနေ ဆက်သွားရင်မော်လိုက်ကလေး ကားလမ်းရွာသစ်ကိုရောက်ပါတယ် ။ အဲဒီကနေ နန်းဗဟိုရ်ရွာဆက်သွားရင် စခန်းကြီးရွာကို ရောက်ပါပြီး ။

ကျွန်တော်ကတော့ စခန်းကြီးရွာရောက်ရင်ခရီးတစ်ထောက်နားရပါတယ် ။ကလေး – တမူးလမ်းပေါ်မှာ စခန်းကြီးရွာသည်လည်း နာမည်ကြီးတဲ့ ရွာပါ ။ခရီးသည်ကားတွေ ထ္မင်းစားနားသည်ရွာပါ ။

စခန်းကြီးရွာကနေ ဆက်သွားရင်အောင်သပြေရွာလေးကို ရောက်ပါတယ် ။အဲဒီအချိန်ကတော့ အိမ် ငါးအိမ် ခြောက်အိမ်လောက်ပဲ ရှိမယ်ထင်ပါတယ် ။

စခန်းကြီးရွာနှင့် အောင်သပြေရွာကတော့ကျွန်တော်အမျိုးတွေရှိလို မဖြစ်မနေနားရပါတယ် ။ အဲဒီကနေ ဆက်သွားရင် နန်းဟံနွဲရွာရောက်ပါတယ် ။ ဒါပြီးရင်တော့ ကံသာယာရွာပေါ့ဗျာ ။ ကံသာယာသာသနာပြုဆရာတော်ကြီး သာသနာပြုတဲ့ရွာပါ ။ ကျွန်တော်ခရီးသွားတဲ့အချိန်က သာသနာပြုကျောင်းမစည်ကားသေးပါဘူး ။ မူလပျဥ်ထောင်ကျောင်းလေး တစ်ကျောင်းဘဲရှိပါတယ် ။

အဲဒီကနေဆက်သွာရင် ကံကြီးရွာလမ်းခွဲပါ ။ကားလမ်းနဲ့ ကံကြီးရွာသည် မိုင်ဝတ်လောက်တော့ဝေးမည်ထင်ပါတယ် ။ ကံကြီးရွာသည်ကားလမ်းမကြီးဘေးတွင်မရှိသော် ၎င်းရွာကိုကျွန်တော်ကတော့ တကူးတက မရောက်ရောက်အောင်သွားပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်၏ အိမ်သူသက်ထားမဟေသီဖြစ်လာမည့် သူရှိသောကြောင့်ပါ ။

====================================

ကံကြီးရွာမှ ပြန်ထွက်လာပြီး ကလေး – တမူးလမ်းမကြီးအတိုင်းထွက်လာတဲ့အခါ ရွာငယ်လေးတွေဖြစ်တဲ့စုံလာမြိုင် ၊ ပျော်ဘွယ်ကြီးတို့ကို ကျော်ဖြတ်၍ ကံဦးရွာကို ရောက်ပါတယ် ။

ဟိုဘက်ကို ဆက်သွားတော့ ကံလှရွာ ၊သူငယ်ချင်းက ကံလှရွာ တွဲဘက်မူလတန်းကျောင်းမှာ ရွာပေးလုပ်တော့ အဲဒီမှာလည်းတစ်ထောက်နားပါတယ် ။ ဆက်သွားတော့၅၆ မိုင်ရွာ ၊ အဲဒီအချိန်က ရွှေအိမ်ရှင်တို့မပေါ်သေးပေ။ ထို့ကြောင့် ၅၅ မိုင်ရွာရောက်မှ လ္ဘက်ရည်သောက်ရင်း ခရီးတစ်ထောက်နားပါတယ် ။ ကားလမ်းအနောက်ဘက်ကဆိုင်ပါ ။ နာမည်တော့ ကျွန်တော်လဲမသိပေ။

၅၅ မိုင်ရွာမှ စော်ဘွားအထိ ရ မိုင်လောက်ရှိသည်ဟု သိရပါတယ် ။ အဲဒီအချိန်ကအဲဒီနေရာတွေဟာ အသွားအလာ လူသူနည်းပါတယ် ။

ကလေး – တမူးလမ်းပေါ်မှာ နာမည်ကြီးတဲ့ နေကျော်လေး ၊ နေကျော်ကြီးတို့ တည်ရှိတဲ့နေရာပါ ။ နေကျော်လေးကုန်းတက်သည်ပြောပလောက်အောင် မမြင့်သော်လည်းနေကျော်ကြီးကုန်းတက်ကတော့ အတော်မြင့်ပါတယ် ။ နေကျော်လေးကျော်လို့ နေကျော်ကြီးကုန်းတက်ကို လှမ်းမြင်ရရင်စက်ဘီးကို အရှိန်နဲ့နင်းထားရပါတယ် ။

စက်ဘီးအနင်းသန်တဲ့သူကတော့နေကျော်ကြီးကုန်းထိပ်အထိရောက်အောင်နင်းနိုင်ကြပါတယ် ။ကျွန်တော်ကတော့ စက်ဘီးကိုအရှိန်ဖြင့်နင်းသော်လည်း ကုန်းထိပ်ရောက်ခါနီးကြရင်မနင်းနိုင်လို့ စက်ဘီးပေါ်ကဆင်းပြီးစက်ဘီးကို တွန်းပြီးတက်ရပါတယ် ။

ကုန်းထိပ်ရောက်ရင်တော့ လူလဲဟောဟဲဆိုက်နေတာဘဲ ။ စက်ဘီးကို လမ်းလယ်ခေါင်းမှာ ဒေါက်ထောက်ထားပြီး လူလဲမြေပြင်ပေါ်ထိုင်ချခါ အမောဖြေရပါတယ် ။

မောလွန်လို့ နားရပေမဲ့ ။ ကြောက်ကလဲကြောက်သေးတာဗျ ။ တချိန်က ဓါးပြတိုက်တဲ့နေရာ ၊ ဓါးပြတွေကို စီရင်ထားတဲ့နေရာဆိုတော့ မကြောက်ဖူးဆိုပြီး စိတ်တင်ထားပေမဲ့ အင်ဖက်ခြောက်လေး လေတိုက်လို့ကြွေကျသံကစ စိတ်ကလန့်ပါတယ် ။

အမောလေများ ပြေလို နေကျော်ကြီးကုန်းထိပ်ကနေ ဆင်တော့မယ်ဆိုရင်လဲစက်ဘီး ရှေ့ဘရိတ် နောက်ဘရိတ်ကိုစုန်ကိုင်းပြီး စက်ဘီးနင်းလိုက်တာနဲတရှိန်ထိုး ထိုးဆင်းသွားတော့တာဘဲ ။

စက်ဘီးကို အရှိန်လေးနဲ့ ဆင်းလာလိုက်တာကွေ့လေးတစ်ကွေ့ ကျော်ရင် သံဘောင်ဘေလီတံတားတစ်ခုကို တွေ့ရပါတယ် ။

အဲဒီတံတားအောက်က ချောင်းကတော့ရေအမြဲစီးဆင်းနေပါတယ် ။အဲဒီချောင်းမှာဘဲ ရေသောက် ၊ ခြေဆေးလက်ဆေး မျက်နှာသစ်ပေါ့ဗျာ ။

တံတားကျော်ရင်တော့ လမ်းအရှေ့ဘက်အနောက်ဘက်မှာတော အင်ပင်ကြီးတွေဟာ လမ်းဘေးတစ်လျှောက် တစ်ဖြောင့်တည်း တည်ရှိနေပါတယ် ။ အခုတော့အဲဒီနေရာတွေဟာ ရန်မျိုးအောင်ရွာအဖြစ်တည်ရှိနေပါပြီး ။

တမူး – ကလေးလမ်းပိုင်းကိုအိန္ဒိယ – မြန်မာ ချစ်ကြည်ရေးလမ်းအဖြစ်အိန္ဒိယမှ တာဝန်ယူ၍ ၁၉၉၇ – ခုနှစ်မှအဆင့်မြှင့်စတင်ပြုပြင်ခဲ့ရာ ၂၀၀၁ – ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။

လမ်းဖွင့်ပြီးနောက်ကျွန်တော် နေကျော်ကြီးကို ရောက်ရှိခဲ့ပါတယ် ။ အံ့ဩစရာကောင်းတာကနေကျော်ကြီးကုန်းတက်ဆိုတာ မရှိတော့ပါဘူး ။ အဲ့ဒီ ကုန်းနေရာကိုထိုးဖြိုပြီး ကတ္တရာလမ်းခင်းထားတာလမ်းကြီးမှဖြူးလို့ ။ လမ်းဘေးနှစ်ဘက်ကတော့ ကမ်းပါးရံကြီးဖြစ်ပြီး အင်းပင်ကြီးကတော့ ဟို……အမြင့်မှာ ကျန်ခဲ့ပါပြီ ။

လမ်းကြီးပြုပြင်ပြီးတော့နေကျော်ကြီးကုန်းတက်ဆိုတာ မရှိတော့ပါဘူး ။ ဒါတွေဟာ အတိတ်မှာ ကျန်ခဲ့ပြီလေ ။ဒါပေမဲ့ မမေ့နိုင်သေးတဲ့ ကျွန်တော်ကတော့နေကျော်ကြီး အမှတ်တရစာစုလေးကိုရေးနေမိတယ် ။

ဓါတ်ပုံ – fbပေါ်မှ

By Bagyi Aung

Leave a Reply

Your email address will not be published. Required fields are marked *