Headlines

မီဇိုရမ်ပြည်နယ်မှာ MNF အာဏာပြန်ရရန် ပြင်ဆင်နေကြောင်း MNF ပါတီဥက္ကဋ္ဌ Pu Zoramthanga ပြော

ဇွန်လ ၂၃ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မိမိတို့ပါတီအနေနဲ့ အာဏာပြန်လည်ရရှိဖို့အတွက် တက်တက်ကြွကြွ ပြင်ဆင်နေပြီဖြစ်ကြောင်း မီဇိုအမျိုးသားတပ်ဦး (MNF)ပါတီဥက္ကဋ္ဌနဲ့ မီဇိုရမ်ဝန်ကြီးချုပ်ဟောင်း Pu Zoramthanga က ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပြီး ပါတီရဲ့ မျှော်မှန်းချက်တွေအတိုင်း အောင်မြင်အောင် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေအနေနဲ့ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Aizawl မြို့မှာကျင်းပတဲ့ ပါတီအခမ်းအနားတစ်ခုမှာ Pu Zoramthanga က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၈ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် MNF အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ရွေးကောက်ပွဲတိုက်ပွဲတွေအတွက် အခြေခံအုတ်မြစ်တွေကို စတင်

ချမှတ်နေပြီဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ခြေလှမ်းတွေကို ပြင်ဆင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

“MNF ဟာ အစိုးရပြန်ဖွဲ့နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဦးတည်ချက်အတိုင်း လိုအပ်တဲ့ အဆင့်တွေကို လုပ်ဆောင်နေတာဖြစ်လို့ ပါတီဝင်တွေအနေနဲ့ စည်းလုံးညီညွတ်စွာ၊ ကတိကဝတ်ပြုပြီး မိမိတို့ရဲ့ ယုံကြည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

အခုလို ပြောဆိုချက်ဟာ ၂၀၂၃ ခုနှစ် မီဇိုရမ်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ Zoram People’s Movement (ZPM) ပါတီက အာဏာရပါတီဖြစ်ခဲ့တဲ့ MNF ကို အနိုင်ရရှိပြီး ဝန်ကြီးချုပ် Lalduhoma ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေအပေါ် ပြန်လည်သုံးသပ်ရာမှာတော့ Zoramthanga က ငြိမ်းချမ်းရေးဆိုတာ ပြည်နယ်သူပြည်နယ်သားတွေအပေါ် အပ်နှင်းထားတဲ့ ကောင်းချီးတစ်ခုနဲ့ တာဝန်တစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ခက်ခက်ခဲခဲ ရယူထားရတဲ့ မီဇိုရမ်ရဲ့ ငြိမ်းချမ်းရေးဟာ အခြားသူတွေအတွက် စံနမူနာတစ်ခု ဖြစ်သင့်ပြီး အဲဒါကို ထိန်းသိမ်းမြှင့်တင်ဖို့ အရေးကြီးကြောင်းကိုလည်း သူက အလေးအနက် ပြောဆိုခဲ့ပါတယ်။

“ဘုရားသခင်က ကျွန်တော်တို့ကို ပေးသနားထားတဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ ကိုယ်ကျိုးတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသူတွေကိုလည်း ငြိမ်းချမ်းရေး သတင်းကောင်းတွေ ဆက်ပြီး မျှဝေနိုင်ဖို့အတွက် ပေးသနားထားတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီဝါရင့်ခေါင်းဆောင်ကြီးက ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို ပိုမိုအသိအမှတ်ပြုလာကြပြီဖြစ်ကြောင်းနဲ့ မီဇိုရမ်ပြည်နယ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေကို အဆုံးသတ်စေခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးစာချုပ်ကတစ်ဆင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ MNF က သမိုင်းဝင် အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို လက်ခံထားကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါတီရဲ့ လမ်းစဉ်အခြေခံကို မီးမောင်းထိုးပြရာမှာတော့ Zoramthanga က “MNF မှာ ကိုယ်ပိုင်ထူးခြားတဲ့ ဂုဏ်ကျေးဇူးရယ်လို့ မရှိပါဘူး။ ကျွန်တော်တို့ကို အခြားသူတွေနဲ့ ကွဲပြားစေတာကတော့ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ မြေခရိုင်အပေါ် ထားရှိတဲ့ ပေးဆပ်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်တွေရှိခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကတော့ လုံးဝ မလှုပ်ခတ်ခဲ့ပါဘူး၊ အဲဒီယုံကြည်ချက်ကပဲ ကျွန်တော်တို့ကို ပြန်လည်ရုန်းထစေတာ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ပါတီဝန်ထမ်းတွေအကြား စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုရာမှာတော့ အတိုက်အခံအဖြစ် ရောက်ရှိနေပေမဲ့လည်း ယုံကြည်ချက် မပျောက်ပျက်ကြဖို့ တိုက်တွန်းခဲ့ပြီး ပြည်နယ်တစ်ဝှမ်းလုံးမှာ ပါတီတွင်း အင်အားတောင့်တင်းအောင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Zoramthanga က သူဟာ မကြာသေးခင်ကမှ နယူးဒေလီမြို့ကို သွားရောက်ခဲ့ပြီး ဗဟိုပြည်ထဲရေးဝန်ကြီး Amit Shah အပါအဝင် အမျိုးသားအဆင့် ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ အဆိုပါ တွေ့ဆုံမှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

အိန္ဒိယဗဟိုအစိုးရတွင် BJP ပါတီ ဦးဆောင်တဲ့ အရှေ့မြောက်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NEDA) ရဲ့ အဖွဲ့ဝင်ဖြစ်သလို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDA) ရဲ့ မဟာမိတ်လည်းဖြစ်တဲ့ MNF ပါတီဟာ လက်ရှိ အဖွဲ့ဝင် ၄၀ ဦးပါဝင်တဲ့ မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ အမတ်နေရာ ၁၀ နေရာကို ရရှိထားပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ ဝန်ကြီးချုပ်ဟောင်းရဲ့ အခုလို ပြောဆိုချက်တွေဟာ လာမယ့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် အာဏာရ ZPM ပါတီကို ပိုမိုပြင်းထန်စွာ စိန်ခေါ်ယှဉ်ပြိုင်နိုင်ဖို့အတွက် MNF အနေနဲ့ ပြင်ဆင်မှုတွေ စတင်နေပြီဆိုတဲ့ အရိပ်အယောင်တစ်ခုအဖြစ် ရှုမြင်သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *