
ဇွန်လ ၂၃ ရက်။
အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့က မြို့ရဲ့ နေရာအများစုကို ပြန်သိမ်းပိုက်ခဲ့ပြီးတိုက်ပွဲအတွင်းပိတ်မိတဲ့ အမှတ် – ၄ ရက်ကွက်က ဒေသခံတစ်ဦးကို ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီကဖမ်းဆီး ပစ်သတ်ခဲ့ကာ လက်ရှိကျန်နေတဲ့ အမှတ် – ၁ ရပ်ကွက်ထဲကို စစ်ကောင်စီ ဝင်ရောက်ကာ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့သိရသလောက်က စစ်ကောင်စီစစ်ကြောင်းတွေက အမှတ် – ၁ ထဲ စဝင်တာနဲ့ အိမ်ကောင်းတွေကို မီးရှို့တော့တာပဲလို့ သိရတယ် အခုချိန် အသွယ်ကလည်း ပြတ်နေသေးတော့ သေးစိပ်အခြေအနေ မသိရသေးဘူး အဲဒီရပ်ကွက်ထဲမှာပဲ နှစ်ဖက်တပ်ဆိုင်နေတဲ့သဘောဖြစ်နေတာ နောက်ပြီး အမှတ် – ၄ ရပ်ကွက်က ပြည်သူတစ်ယောက် တိုက်ပွဲကြားထဲမှာ ပိတ်မိသွားလို့ စစ်ကောင်စီတပ်တွေက အမှတ် – ၃ ရပ်ကွက်ထဲမှာ ပစ်သတ်သွားတယ်လို့လည်း ကြားသိရတာရှိတယ် ဇွန်လ ၂၁ ရက်နေ့က ” လို့ပြောပါတယ်။
ခမ်းပတ်မြို့မှာ ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိတဲ့ထဲ အမှတ် – ၂ ရပ်ကွက်၊ အမှတ် – ၃ ရပ်ကွက်နဲ့ အမှတ် – ၄ ရပ်ကွက်ကို ဇွန်လ ၂၀ ရက်နေ့ညနေလောက်မှာ စစ်ကောင်စီက ပြန်သိမ်းပိုက်လိုက်ပြီးနောက် အရင်က ရဲစခန်းနဲ့ စစ်စခန်းတွေ ရှိတဲ့ အမှတ် – ၁ ရပ်ကွက်ကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဆက်လက်ခုခံကာကွယ်နေပြီး ကနန်နဲ့ ခမ်းပတ်အမှတ် – ၁ ထဲမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အမှတ် – ၁ ရပ်ကွက်က ကနန်ရွာနဲ့ တဆက်တည်းဖြစ်သွားပြီ တံတားပဲခြားတာ နောက်ပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခို်က်မှုကြောင့် ကနန်ကျေးရွာC group မှာနေတဲ့ ချင်းအမျိုးသားတစ်ဦးလည်း ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ သိရတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီက ကနန် ကျေးရွာဘက်ကို လေကြောင်းကနေ ၂ကြိမ်ခန့် လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေးမြို့မြောက်ပိုင်းက ကလေး – တမူး လမ်းမပေါ်က ခမ်းပတ်မြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ လဆန်းလောက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် ၃ နှစ်ဝန်းကျင်အကြာမှာ ပြန်လက်လွှတ်လိုက်ရတဲ့ မြို့လည်းဖြစ်ပါတယ်။

