Headlines

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ် ၃ ဦးသေဆုံး

ဇွန်လ ၂၉ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို တစ်ကြိမ်ဗုံးကို ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦးသေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ညနေတွင်လည်း မင်းတပ်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံး ၄ လုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က လူလှိုင်းအသုံးပြုထိုးစစ်ဆင်လာတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကန်ပက်လက်မြို့နယ် အမှတ် ၅ ဒေသက အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ တစ်နှစ်ခွဲဝန်းကျင်အရွယ်ကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *