
မေလ ၉ ရက်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကမ်ဂျောင် (Kamjong) ခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းက ပြင်းထန်တဲ့ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ပိတ်မိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ၁၅ ဦးကို Assam Rifles တပ်ဖွဲ့ဝင်တွေက ဘေးကင်းရာကို အချိန်မီ ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေဟာ ခရိုင်အတွင်းက Z Choro ရွာအနီးနဲ့ မြန်မာနိုင်ငံဘက်ခြမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက နမ်လီ (Namlee) ရွာရဲ့ တစ်ဖက်ကမ်း နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတာပါ။
ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်တဲ့ Kuki National Army-Burma (KNA-B) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒေသခံ တန်ခူးလ်နာဂ (Tangkhul Naga) ရွာသားတွေရှိရာဘက်ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။
လက်နက်ကိုင်အဖွဲ့တွေဟာ ဒရုန်း (Drone) တွေ၊ ရော့ကက်လောင်ချာတွေနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ နမ်လီ၊ ဝမ်လီနဲ့ ချိုရိုရွာတွေက နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အခြေအနေတွေက တင်းမာနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နယ်မြေဖြစ်ပေမဲ့လည်း Assam Rifles တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့နဲ့ အကြမ်းဖက်မှုတွေ ထပ်မံပြန့်ပွားမလာအောင် ဖြစ်ပွားရာနေရာကို အမြန်ဆုံး ဝင်ရောက်သွားခဲ့ကြပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း တိုက်ပွဲတွေကြောင့် ထိခိုက်ခဲ့တဲ့ နေအိမ် ၁၀ လုံးကို လုံခြုံရေးယူပေးခဲ့ပြီး ဘေးလွတ်ရာကို ရွာသားတွေကို ကူညီရွှေ့ပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက် ကယ်ဆယ်ခံရတဲ့ ရွာသားတွေကို Aloyo ရှိ Assam Rifles စခန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဘက်ခြမ်း ဟုမ္မလင်းမြို့နယ်၊ နမ်လီရွာကနေ ဒဏ်ရာတွေနဲ့ ရောက်ရှိလာတဲ့ မြန်မာအမျိုးသမီးတစ်ဦးကိုလည်း Assam Rifles တပ်ဖွဲ့ဝင်တွေက ရှေးဦးသူနာပြုစုပေးတာတွေနဲ့ လိုအပ်တဲ့ ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ကူညီပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နယ်မြေတည်ငြိမ်ရေးအတွက် ဆက်လက်လုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်းမှာတော့ လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးကို AK-47 ရိုင်ဖယ်တစ်လက်၊ ကျည်အိမ် တစ်ခုနဲ့ ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေကိုတော့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဒေသခံရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ နယ်မြေအတွင်း တင်းမာမှုတွေ ရှိနေသေးပေမဲ့လည်း ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအတွက် ကမ်ဂျောင်ခရိုင်အတွင်းက စိုးရိမ်ရတဲ့ နေရာတွေမှာ Assam Rifles က နယ်မြေစိုးမိုးရေး ကင်းလှည့်တာတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အခုစစ်ဆင်ရေးဟာ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ သူတို့ရဲ့ ကတိကဝတ်ကို ထပ်မံပြသလိုက်တာပဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒီနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေရဲ့ နောက်ခံအကြောင်းအရင်းကတော့ မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲအထိ ရိုက်ခတ်လာတာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် မဏိပူရ်ပြည်နယ်၊ ကမ်ဂျောင်ခရိုင်အတွင်းက နာဂတိုင်းရင်းသားကျေးရွာတွေဟာ မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေဖြတ်ကျော် စိုးမိုးဖို့ ကြိုးစားမှုတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေရတာပါ။
မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တွေကြား နယ်မြေစိုးမိုးရေး အားပြိုင်မှုတွေကြောင့် အခုလိုမျိုး နယ်စပ်ဖြတ်ကျော်ပြီး ပစ်ခတ်မှုတွေ ဖြစ်လာရတာဖြစ်သလို၊ ဒါဟာ ဒေသခံ တန်ခူးလ်နာဂ (Tangkhul Naga) လူမျိုးတွေရဲ့ နယ်မြေလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာတယ်ဆိုပြီး အိန္ဒိယဘက်ခြမ်းမှာ ကန့်ကွက်မှုတွေ ပြင်းထန်နေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
Ukhrul Times, The Sangai Express, NorthEast Today

