Headlines

မြန်မာသတင်းမီဒီယာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်တက်လာပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လုံခြုံရေးကတော့ စိုးရိမ်ရဆဲဖြစ်

မေလ ၉ ရက်

ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအစီအစဉ် (GMMP) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြန်မာ့သတင်းမီဒီယာတွေမှာ အမျိုးသမီးတွေကို သတင်းရင်းမြစ်အဖြစ် အသုံးပြုတာဟာ အရင်ကထက် သိသိသာသာ မြင့်တက်လာပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာပါ အချက်အလက်တွေအရ သတင်းတွေမှာ အမျိုးသမီးတွေရဲ့ အသံကို သတင်းရင်းမြစ်အဖြစ် အသုံးပြုမှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၁၈ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ အခု ၂၀၂၅ ခုနှစ်မှာတော့ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) ရဲ့ အလုပ်အမှုဆောင် မစိုးစံထိုက်က “ဒေတာတွေအရ သတင်းတွေထဲမှာ အမျိုးသမီးတွေကို အရင်ကထက် ပိုပြီး ထည့်သွင်းဖော်ပြလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် အမျိုးသမီးတွေကို စစ်ပွဲရဲ့ သားကောင်တွေအဖြစ်ပဲ အများဆုံး ပုံဖော်နေကြတာပါ။ တကယ်တော့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေနဲ့ ကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ အသံတွေကိုပါ ထည့်သွင်းဖို့ လိုအပ်နေပါတယ်။ လက်ရှိ ကဏ္ဍအသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကိုလည်း မီဒီယာတွေမှာ ဒီထက်ပိုပြီး ဖော်ပြပေးကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူမကပဲ ခက်ခဲတဲ့ကြားကနေ ပြည်သူတွေ သတင်းသိပိုင်ခွင့်အတွက် အလုပ်လုပ်နေကြတဲ့ သတင်းမီဒီယာသမားတွေကို MWJS အနေနဲ့ အလေးအနက် ဂုဏ်ပြုကြောင်းနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိနေတာကြောင့်သာ အခုလို သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာအရ မီဒီယာအမျိုးအစားအလိုက် ခွဲခြားကြည့်မယ်ဆိုရင် ရုပ်မြင်သံကြား (TV) သတင်းတွေမှာ အမျိုးသမီးပါဝင်မှု ၄၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေပြီး အွန်လိုင်းမီဒီယာမှာတော့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ ပုံနှိပ်မီဒီယာတွေမှာတော့ အမျိုးသမီးတွေကို သတင်းရင်းမြစ်အဖြစ် အသုံးပြုတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကဏ္ဍအလိုက် ကြည့်ရင်တော့ TV နဲ့ ပုံနှိပ်သတင်းတွေမှာ အမျိုးသမီးတွေကို ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု (၄၀%)၊ သိပ္ပံနဲ့ ကျန်းမာရေး (၃၈%) ကဏ္ဍတွေမှာ အများဆုံး တွေ့ရပြီး အွန်လိုင်းမီဒီယာမှာတော့ စီးပွားရေးကဏ္ဍမှာ ၆၇ ရာခိုင်နှုန်းအထိ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီသုတေသနကိုတော့ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) က အမျိုးသမီးသတင်းထောက်တွေနဲ့ သုတေသီတွေ စုပေါင်းပြီး မြန်မာနိုင်ငံရဲ့ လူကြည့်အများဆုံး မီဒီယာ ၂၀ ခုကို အခြေခံကာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

GMMP ဟာ ၁၉၉၅ ခုနှစ်ကတည်းက ၅ နှစ်တစ်ကြိမ် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကျားမရေးရာ တန်းတူညီမျှမှုကို စောင့်ကြည့်လေ့လာနေတဲ့ ကမ္ဘာ့အကြီးဆုံး သုတေသနလုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံအပါအဝင် ၉၄ နိုင်ငံ ပါဝင်ခဲ့ပါတယ်။

မြန်မာသတင်းမီဒီယာလောကမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြင့်တက်လာတယ်ဆိုပေမဲ့ တခြားတစ်ဖက်မှာတော့ မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါတယ်။

၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၆ ခုနှစ် မေလအထိ မတရားဖမ်းဆီးခံရတဲ့ သတင်းသမား ၂၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲက ၁၈ ဦးဟာ စွပ်စွဲချက်အမျိုးမျိုးနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) ရဲ့ ထုတ်ပြန်ချက်အရလည်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၆၆ အထိ ကျဆင်းသွားပြီး “အလွန်ဆိုးဝါးတဲ့ အနီရောင်အဆင့်” မှာပဲ ဆက်လက် ရပ်တည်နေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *