
မေလ ၁၁ ရက်။
ကလေး – ဖလမ်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ ငွေကြေးအဆမတန် ကောက်ခံတာကြောင့် နေရပ်ပြန်ချင်တဲ့ ဖလမ်းမြို့ဒေသခံတွေ နေရပ်မပြန်ရဲဘဲ အခက်တွေ့နေကြရတယ်လို့ ဖလမ်းဒေသခံတွေကပြောပါတယ်။
ကလေးမြို့ကနေ ချင်းတောင်ဘက်သွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တောင်ဖီလာဂိတ်၊ ၈ မိုင်တက္ကသိုလ်ဂိတ်၊ ၉ မိုင်ဂိတ်၊ ခိုင်ကမ်းရဲစခန်း၊ ခိုင်ကမ်း ဘီးခွန်တို့မှာရှိတဲ့ စစ်ကောင်စီဂိတ်က ဖြတ်သန်းသွားလာမယ့် ကားတွေကို ငွေးကြေးအဆမတန် တောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖလမ်းဒေသခံတစ်ဦးက “ကလေး – ဖလမ်း ကားလမ်းတလျှောက် ဂိတ်တွေက ပိုက်ဆံကောက်တဲ့နှုန်း အရမ်းများလွန်းလို့ ဖလမ်းကို ပြန်ချင်ကြတယ် ပြန်ရဲကြပေမယ့် Pajero တစ်စီးကိုတောင် သိန်း ၃၀ လောက် တောင်းတဲ့ခါကြတော့ ပြန်ချင်တဲ့သူတွေ မပြန်ရဲကြဘူး ကိုယ်ပိုင်မော်တော်ကားရှိသူတွေ ၊ ကိုယ်ပိုင်မော်တော်ယာဉ်မရှိသူတွေလည်း ကားဌားရမ်းခ အရမ်းခက်ခဲတဲ့ကြားက အခုလို ဂိတ်ကြေးတွေ အရမ်းများနေတာက ကုန်ဈေးနှုန်းတွေလည်း အရမ်းဈေးကြီးသွားနိုင်တယ် မလွယ်လောက်ဘူး” လို့ပြောပါတယ်။
ကလေး – ဖလမ်းသွားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေက ခရီးသည်တင် ကားတွေအပြင် ချင်းတောင်ဘက်သွားမယ့် ကုန်တင်ကားတွေကိုလည်း ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။
ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကလေးမြို့မှာ တိမ်းရှောင်နေတဲ့ ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်း ၁၀၀ ကျော်လည်း မေလ ၆ ရက်နေ့က ပြန်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

