Headlines

လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုကွင်းဆက်မှ Mizo အမျိုးသမီး ၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူ ၆ ဦးကို ဖမ်းဆီး

မေလ ၈ ရက်။

အိန္ဒိယနိုင်ငံ၊ Uttarakhand ပြည်နယ်၊ Rudrapur မြို့ရှိ Spa လုပ်ငန်းကို အကာအကွယ်ယူပြီး လုပ်ဆောင်နေတဲ့ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုကွင်းဆက်တစ်ခုကနေ အရွယ်မရောက်သေးသူ ၂ ဦးအပါအဝင် Mizoram ပြည်နယ်သူ အမျိုးသမီး ၅ ဦးကို Mizoram ရဲတပ်ဖွဲ့နဲ့ Uttarakhand ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကယ်တင်နိုင်ခဲ့တယ်လို့ မေလ (၈) ရက်နေ့မှာ India Today သတင်းဌာနကဖော်ပြပါတယ်။

ဒီလူကုန်ကူးမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ Spa ပိုင်ရှင်နဲ့ အဓိကကြိုးကိုင်သူ mastermind အပါအဝင် ပါဝင်ပတ်သက်သူ ၆ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတယ်လို့ Mizoram ရဲတပ်ဖွဲ့ (ဌာနချုပ်) ရဲ့ Inspector General of Police (IGP) ဖြစ်သူ H Ramthlengliana က ပြောပါတယ်။

ဒီအမှုဟာ လူကုန်ကူးခံရရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ Aizawl ရှိ အမျိုးသမီးရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ရာကနေ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူရဲ့ တိုင်ချက်အရ သူမနဲ့ သူမရဲ့ သူငယ်ချင်းတစ်ဦးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက Rudrapur ရှိ Spa တစ်ခုမှာ တစ်လ ရူပီး ၂၀,၀၀၀ ရမယ့် အလုပ်ရမယ်လို့ လိမ်လည်ဖြားယောင်းကာ Uttarakhand ပြည်နယ်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီကိုရောက်တဲ့အခါမှာတော့ သူတို့ကို အပြင်ထွက်ခွင့်မရအောင် ပိတ်လှောင်ထားပြီး ဧည့်သည်တွေကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေပေးဖို့ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။

သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေဟာ တစ်နေ့ကို ဧည့်သည် ၃ ဦးကနေ ၉ ဦးအထိ အတင်းအဓမ္မ ဧည့်ခံခဲ့ရသလို၊ ဧည့်သည်တွေနဲ့ မတွေ့ခင်မှာလည်း အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အတင်းအဓမ္မ သောက်သုံးခိုင်းတာမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဂတိပေးထားတဲ့ လစာငွေကိုလည်း တစ်ခါမှ မရရှိခဲ့ဘဲ စားစရိတ်နဲ့ နေစရိတ်တွေဆိုပြီး အလုပ်ရှင်တွေက ဖြတ်တောက်ကာ တစ်လကို ကိုယ်ရေးကိုယ်တာ သုံးစွဲဖို့အတွက် ရူပီး ၅၀၀ ဝန်းကျင်သာ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ ၄ ရက်နေ့မှာတော့ အဆိုပါ အမျိုးသမီးတွေဟာ တန်ဆာပလာတချို့ သုံးပြီး ခြံစည်းရိုးသော့ကို ဖျက်ကာ ထွက်ပြေးနိုင်ခဲ့ကြပြီးနောက် Aizawl ကို ပြန်လည်ရောက်ရှိလာချိန်မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Mizoram ရဲတပ်ဖွဲ့ဟာ ဒီအမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) တစ်ခုကို ဖွဲ့စည်းခဲ့ပြီး အခြားသော Mizo အမျိုးသမီးတွေပါ အဲဒီကွင်းဆက်ထဲမှာ ပိတ်မိနေဆဲဖြစ်ကြောင်း သတင်းရရှိတာကြောင့် မေလ ၄ ရက်နေ့မှာ Uttarakhand ကို သွားရောက်ကာ ဒေသခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစီးနင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စီးနင်းရာမှာ Spa အတွင်း ပိတ်လှောင်ခံထားရတဲ့ အမျိုးသမီး ၅ ဦးကို ထပ်မံကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူ ၆ ဦးထဲမှာတော့ အလုပ်အမည်ခံပြီး လူစုပေးခဲ့တဲ့ Mizo အမျိုးသမီးတစ်ဦးနဲ့ အခြားအမျိုးသမီး အပေါင်းအပါတစ်ဦးတို့လည်း ပါဝင်နေပါတယ်။

လက်ရှိမှာတော့ ကယ်တင်ထားသူတွေကို လိုအပ်တဲ့ ဆေးကုသမှုနဲ့ စိတ်ဒဏ်ရာကုစားမှုတွေ ပေးအပ်နေပြီး သူတို့ကို Mizoram ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ စီစဉ်နေသလို လူကုန်ကူးသူတွေကိုလည်း ထိရောက်စွာ အရေးယူသွားဖို့ ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *