Headlines

ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့ရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုလို့ CNO / CNDF ပြော

ဧပြီလ ၁၄ ရက်။

ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့တစ်ခုတည်းရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုဖြစ်သလို မြန်မာနိုင်ငံတစ်ခုလုံးရဲ့ တော်လှန်ရေးအောင်မြင်မှုဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က Chin World Media နဲ့အင်တာဗျူးမှာ ပြောကြားပါတယ်။

“ချင်းပြည်နယ်မှာ ကွဲကွဲပြားပြားတွေရှိခဲ့ပါတယ် ဒါပေမယ့်လည်း အားလုံးရဲ့ဘုံရန်သူဟာ စကစ ဖြစ်ပါတယ် စကစကို တိုက်ပြီးအောင်မြင်ခြင်းဟာ ကျနော်တို့ CNO / CNDF ချင်းညီနောင်ရဲ့ အောင်မြင်ခြင်းဘဲမဟုတ်ပါဘူး ချင်းပြည်သူအားလုံးရဲ့ အောင်မြင်ခြင်းဖြစ်ပါတယ် ဖလမ်းမြို့မှာ စကစ တည်ရှိနေသ၍ ချင်းပြည်မှာ စကစ ရှိပါတယ် အဲလိုဘဲ စကစ ဟားခါးမှာရှိနေသေးရင် ချင်းပြည်နယ်ဟာ မလွတ်မြောက်သေးပါဘူး အဲလိုပုံစံဘဲ ဖလမ်းမှာအောင်မြင်မှုရခြင်းဟာ ချင်းလူမျိုးတိုင်းရဲ့ အောင်မြင်ခြင်းဖြစ်တယ် ချင်းအမျိုးသားတိုင်းရဲ့ အောင်မြင်ခြင်းက မြန်မာပြည်တစ်ခုလုံး တော်လှန်ရေးရဲ့အောင်မြင်ခြင်းဖြစ်တယ်” CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ် ကပြောပါတယ်။

ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ၊ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ (CB) က ကြေညာထားပါတယ်။

၅ လကြာမြင့်ခဲ့တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၉၀ နီးပါး ကျဆုံးမှုရှိခဲ့ကာ ကျဆုံးသူထဲမှာ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ CNO/CNDF က သူနာပြု ၂ ဦးအပါအဝင် ရဲဘော် ၄၀ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

၅ လကြာမြင့်ခဲ့တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒဏ်ရာရရှိသူအယောက် ၅၀၀ လောက်ရှိတဲ့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အယောက် ၃၀ ဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *