
ဖေဖော်ဝါရီလ ၅ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးရွာ( အရှိုချင်းရွာ)က အသက် ၃၀ ကျော် အရှိုချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက မလေးရှားနိုင်ငံသွားဖို့ အတွက် ကရင်ပြည်နယ်၊မြဝတီမြို့ရောက်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံရပြီးနောက်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာခံခဲ့ရတဲ့ စမ်းမကြီးရွာက ဒေသခံချင်းအမျိုးသားဟာ တောရွာကနေလာပြီး ဗမာစကားလည်း ကောင်းကောင်းမပြောတတ်သူဖြစ်ကာ အဲဒီလို ဗမာစကားကို မခြေမငံပြောတယ်ဆိုပြီး ဝိုင်းရိုက်ကြ မျိုးစုံနှိပ်စက်ခံရတာအပြင် မီးရှို့တာကိုပါခံခဲ့ရတာလို့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေ၁ ဦးပြောပြချက်အရ သိရပါတယ်။
သေဆုံးသွားတဲ့သူနဲ့ ရင်းနှီးသူတစ်ဦးပြောတာက “မသေသေးတဲ့ ရုပ်ခန္ဓာကိုယ်ကို သူ့မိဘတွေဆီဖုန်းဆက်ပြီးတော့ ငွေသိန်း ၃၀ နဲ့ ရွေးခိုင်းခဲ့တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ရစရာမရှိအောင် ရိုက်နှက်မီးရှို့တာခံရတယ်၊ အိမ်က မိသားစုတွေ လာကြည့်တော့ အဲလူနာက အသက်ကလေးကျန်ရုံဘဲကျန်တော့တာ မျက်နှာမှာတော့ မျက်ရည်တွေ ထွက်တယ် မိသားစုတွေကိုမြင်တော့။ အရေးပေါ်ရန်ကုန်ကို ကားဌားပြီးဆေးကုဖို့ သွားပေမယ့် လမ်းမှာဘဲ နှလုံးအလုပ်မလုပ်တော့ဘဲ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီကိစ္စတွေကို မိသားစုဝင်တွေက ကြောက်လို့ မပြောရဲခဲ့ကြတာပေါ့”လို့ Chin World Media ကိုပြောပါတယ်။
၂၀၂၄ ခုနှစ် ၊ ၁၀ လပိုင်းအတွင်းမှာပဲ မလေးရှားသွားဖို့ လုပ်နေတဲ့ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လေသာတောင်လေးရွာ (အရှိုချင်းရွာ)က ဒေသခံအရှိုချင်းလူငယ် နှစ်ဦးဟာလည်း ပြည်မြို့မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံခဲ့ရပြီး လက်ရှိပေါ်တာဆွဲခံရတဲ့ အရှိုချင်းတိုင်းရင်းသား ၂ ဦးဟာ မော်လမြိုင်မှာ စစ်ကောင်စီကပေးတဲ့ စစ်မှုထမ်းသင်တန်း တက်နေရတယ်လို့သာ သိရပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
နိုင်ငံနေရာအနှံ့စစ်မျက်နှာပြင်မှာ တိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ စစ်သားလိုအပ်ချက်တွေကြောင့် စစ်မှုထမ်းစုဆောင်းတာတွေကိုလုပ်ဆောင်လာကာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ကစလို့ စစ်မှုထမ်းအပတ်စဉ် ၁ စတင်ခဲ့ကာ လက်ရှိမှာ အပတ်စဉ် ၉ အထိ သင်တန်းပေးနေပြီးဖြစ်ပြီး အပတ်စဉ် ၁၀ အတွက် လူသစ်စုဆောင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
