Headlines

အမေရိကန်အစိုးရသစ်က အကူအညီဆိုင်းငံ့ပေမယ့် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်က ဒုက္ခသည်များကိုတိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို

ဇန်နဝါရီလ ၂၉ ရက်။

အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုအစီအစဉ်တွေဆိုင်းငံ့ကြောင်း သမ္မတအသစ် Donal Trump ကလက်မှတ်ရေးထိုးပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ဗြိတိန်၊ EU ၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံအပါအဝင် အနောက်နိုင်ငံက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် တိုးမြှင့်ကူညီပေးဖို့ လိုအပ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) အနေနဲ့ တောင်းဆိုလိုက်ပါတယ်။

“အမေရိကန်အကူအညီ ဆိုင်းငံ့ခြင်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တွေအတွက် ထိခိုက်စေရုံသာမက မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက် နယ်မြေများရဲ့ တည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေးကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အတွက် ရေရှည်ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေတယ်လို့” ဟု CHRO ရဲ့အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling ပြောပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေး ဆိုင်းငံ့မှုဟာ စစ်ကောင်စီရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှု ပြင်းထန်လာခြင်းနဲ့ နိုင်ငံသားများစစ်ဘေးကြောင့် နေရပ်စွန့်ခွါရွှေ့ပြောင်းမှုများသာမက လွတ်မြောက်နယ်မြေများအတွင်း ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများအတွက် နှောင့်နှေးစေရုံမက လိုအပ်တဲ့ အကူအညီတွေတွေဆုံးရှုံးဖို့ ဖန်တီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်တဲ့ ဒေသများအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အချိန်ဖြစ်ပါတယ်။

ထိုသို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနဲ့ ပြန်လည်ထူထောင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးလုပ်ငန်းစဉ်များအတွက် ပြည်သူများအနေနဲ့ ကြိုးပမ်းအားထုတ်နေတဲ့အနေအထားမှာ နိုင်ငံတကာရဲ့ အချိန်နဲ့တစ်ပြေးညီ ကူညီထောက်ပံ့မှုများ မရှိနေသေးတဲ့အတွက် အခက်အခဲများစွာကြုံတွေ့ရတဲ့အနေအထားဖြစ်တယ်လို့ Salai Za Uk Ling က ပြောပါတယ်။

စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်များရဲ့ စစ်ဘေးဒဏ်ကြောင့် နောက်ထပ်ကြုံတွေ့ရမယ့် ပြသနာများအပေါ် ကျူးလွန်သူတာဝန်ရှိသူများ၊ ပြည်သူများအပေါ်ရက်စက်အကြမ်းဖက်မှုကျူးလွန်သူများအနေနဲ့ တာဝန်ခံမှုရှိရမှာဖြစ်တယ်လို့ Salai Za Uk Ling ကပြောပါတယ်။

Salai Za Uk Ling က “လူသားချင်းဆိုင်ရာကူညီထောက်ပံ့ပေးမှုဟာ အရေးတကြီးကိစ္စရပ်ဖြစ်ရုံမက ဗြိတိန်၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် ဒုက္ခသည်များအရေးအတွက် ပိုမိုဆိုးရွားတဲ့အခြေအနေကနေ တားဆီးပေးဖို့အပြင် နှိုးဆော်တိုက်တွန်းမှုလုပ်ငန်းမှာ ယခုထက် ခြေလှမ်းတိုးမြှင့်ရမှာဖြစ်တယ်” လို့ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကို နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးပေးဖို့၊ လူ့အခွင့်အရေးကို ရှေးရှုပြီး နိုင်ငံတကာအသိုက်အဝန်းများကလည်း အရေးတစ်ကြီး ညှိနှိုင်းကူညီပေးဖို့ အတွက် CHRO ကတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *