
ဇန်နဝါရီလ ၂၈ ရက်။
မလေးရှားနိုင်ငံမှာ အထောက်ထားမဲ့ ရွှေ့ပြောင်းနေထိုင်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာကို ချင်းလူမျိုး အယောက် ၅၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထား ရတယ်လို့ ရွှေ့ပြောင်းအရေးတက်ကြွစွာ လုပ်ဆောင်ပေးနေတဲ့ သူတွေဆီကနေ သိရပါတယ်။
လက်ရှိမှာလည်း မလေးရှား အာဏာပိုင်တွေဟာ အထောက်ထားမဲ့ ရွှေ့ပြောင်းတွေကို ဖမ်းဆီးတာတွေ အရင်ကထက် ပိုမိုလုပ်ဆောင်နေပြီး လမ်းတွေပိတ်ဆို့ကာ ဖမ်းဆီးတာ၊ Bus ကားပေါ်တက်ပြီး ဖမ်းတာမျိုးထိ လုပ်ပြီး ဖမ်းဆီးနေတယ်လို့ မလေးရှားမှာ နေထိုင်တဲ့သူတွေဆီကနေ သိရပါတယ်။
ရွှေ့ပြောင်းအရေးတက်ကြွစွာ လုပ်ဆောင်နေသူတစ်ဦးက “ ဒီဇန်နဝါရီလထဲမှာကို အထောက်ထားမဲ့ မြန်မာချည်းဘဲကို ၃၀၀ ကျော်နေပြီ ဖမ်းဆီးခံရတာ အဲဒီထဲကနေ ပီနန်းပြည်နယ် ကင်မရွင်ဟိုက်လန်းဘက်က ချင်းတွေတော်တော်ပါသွားတယ် အယောက်သုံးဆယ်လောက်ပါသွားတယ် ဒီလထဲ စုစုပေါင်း ချင်းလူမျိုး ၅၀ လောက်ရှိမယ် ဖမ်းဆီးခံရတာ အခုထိဖမ်းနေတုန်းပေါ့ ထူးခြားတာက လမ်းတွေပိတ်ဆို့ပြီး ဖမ်းတာ၊ Bus ကားပေါ်တက်ပြီးဖမ်းတာတွေထိ အခြေနေဖြစ်နေတယ် ပုံမှန်ဆို နိုင်ငံခြားသားတွေနေတဲ့ တိုက်ခန်းနဲ့ စက်ရုံတွေပဲ ဖမ်းကြတာလေ” လို့ပြောပါတယ်။
မလေးရှားမြို့တော် ကွာလမ်လာပူမြို့၊ ပီနန်းပြည်နယ် ပီနန်းမြို့၊ ပါဟန်းပြည်နယ် ကင်မရွင်ဟိုက်လန်း၊ ဂျိုဟိုးပြည်နယ် ဂျိုဟိုးမြို့၊ ဆလန်ဂေါ ပြည်နယ် ကပုန်းမြို့တွေမှာ နေထိုင်တဲ့ ချင်းလူမျိုး ၅၀ ဝန်းကျင်ပါဝင်တဲ့ အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာ ၃၀၀ ကျော် ဒီလအထဲ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
“အထောက်အထားမပြည့်စုံတဲ့သူတွေအနေနဲ့ ဖမ်းဆီးများတဲ့ ကာလမှာ အသွားအလာ ဂရုစိုက်သင့်တယ်။ ကိုယ်နေတဲ့ပတ််ဝန်းကျင်မှာလည်း အတတ်နိုင်ဆုံး အိမ်ရှင်နိုင်ငံသားတွေနဲ့ သင့်မြတ်အောင်နေထိုင်ပြီး အရက်သောက်စားမူးရူးပြီး ရန်ဖြစ်တာ၊ သီချင်းအသံအကျယ်ကြီး ဖွင့်တာတွေ အတက်နိုင်ဆုံး ရှောင်ရှားကြဖို့ လိုတာပေါ့” လို့ ရွှေ့ပြောင်းအရေးတက်ကြွစွာလုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။
အထောက်ထားမဲ့ ဖမ်းဆီးခံရတဲ့သူတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၆(၁)(ဂ) ၁၅ (၁)(ဂ) ၁၉၅၉၊ ၁၉၆၃ အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ၃၉ (ခ)၁၉၆၃ နဲ့ တရားရုံးမှာစစ်ဆေးသွားမှာလို့လည်း သိရပါတယ်။