နိုဝင်ဘာလ ၁၁ ရက်။
နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက် ယခုအချိန်အထိမင်းတပ််မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် CDF – Mindat တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့လည်းလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေကြောင်း၊လက်ရှိမင်းတပ်မြို့ပေါ်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က နေ့စဉ်မီးရှို့ခဲ့လို့ ဒီ ၃ ရက်အတောအတွင်း အိမ်ခြေစုစုပေါင်း ၁၅၀ ဝန်းကျင် မီးလောင်ပျက်စီးနိုင်တယ်လို့ မင်းတပ် ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းတပ်မြို့ဒေသခံတစ်ဦးက “အိမ်ခြေအတိအကျနဲ့ကတော့ မသိဘူး။ ဒီကနေ့မှာလည်း ထပ်ပြီးမီးရှို့ခံရတာမျိုးလည်းရှိတယ်လို့ သိရတော့ အတိအကျတော့ သိဖို့က မလွယ်လောက်ဘူး များတာတော့ အများကြီးလောင်သွားတယ်လို့ သိရတယ်။ တိုက်ပွဲလည်း ဟိုအရင်နေ့ကတွေကစလို့ နှစ်ဘက် တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်” လို့ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီ အမှတ် ၂၇၄ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့အရှေ့ပြင် မင်းတပ်ဟိုတယ်အောက်ကာားလမ်းဘေးက ပြည်သူနေအိမ်တွေ မီးလောင်နေတယ်လို့ သိရပြီး မနက် ၁၁ နာရီခွဲချိန်လောက်မှာလည်း Y – 12 ဗုံးကြဲလေယာဉ်နဲ့လည်း မင်းတပ်မြို့ပေါ် ဝဲပျံပြီး ၄ လုံးတစ်တွဲဗုံးတွေ ကြဲချတာ အလုံး ၃၀ ကျော်နေပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းတပ်မြို့တောင်ဘက်ခြမ်းမြို့ပတ်လမ်းမပေါ်က အရပ်သားပြည်သူနေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်လောက်ကနေစလို့ ဓာတ်ဆီလောင်းပြီး မီးရှို့နေတဲ့ကြောင်းကိုလည်း မင်းတပ်ဒေသခံ HKL Mindat ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာေတွ၊ အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဒီကနေ့ အချိန်ထိ နေ့စဉ်လိုလို လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလ ၁ လအတွင်း အရပ်သားပြည်သူနေအိမ် အလုံး ၃၀ ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ကြောင်း CDF – Mindat ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။