ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ပြည်သူတွေ မိမိနေရပ် ပြန်လည်အခြေချနေထိုင်နိုင်ရေးတွက် ခရီးသွားလာခြင်းကို ပိတ်ပင်တားဆီးတာမျိုး မလုပ်ကြဖို့ မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) တို့က သြဂုတ်လ ၂၆ ရက်နေ့မှာ ပူးတွဲ အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) ရဲ့ ဇူလိုင်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အများပြည်သူ တွေအသုံးပြုနေတဲ့ လမ်း (၄) လမ်းကို အကန့်သတ်မရှိ ပိတ်ပင်ထားရာ ( မတူပီ – လိုင်လင်းပီ/ မတူပီ – ရေဇွာ) လမ်းတွေကို CNF/A အပေါင်းအပါတွေက ဆက်လက် ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေ သွားလာရေးမှာ ဒုက္ခကြုံတွေ့နေရလျက် ရှိတယ်လို့ မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) က ပူးတွဲ ထုတ်ပြန်ပါတယ်။
မတူပီမြို့ စစ်ကောင်စီ စခန်းတွေကို သိမ်းယူနိုင်ဖို့ ချင်းလဲန်းကာကွယ်ရေးဝန်ကြီး ဦးဆောင်မှု့ အောက်ကနေ CNA/CDFs တွေက စစ်မျက်နှာ တိုးမြင့်ဖွင့်ထားသည်ဖြစ်၍ မတူပီ – ပလက်ဝလမ်း၊ မတူပီ – ကန်တောင်လမ်း၊ မတူပီ – ဟားခါးလမ်းနဲ့ မတူပီ – လိုင်လဲန်းပီ လမ်းတွေကို အကန့်အသတ်မရှိ ပိတ်တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
မတူပီမြို့က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့ အတူ မဟာမိတ်တပ်တွေက ဇွန်လ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက််ခဲ့ပြီး ဇွန်လ ၂၉ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။
မတူပီမြို့နယ် ပြည်သူလူထုအတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် CDF Matupi – တပ်မဟာ (၁) က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှာ မတူပီမြို့နယ် ပြည်သူ့အုပ််ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ထားပြီး ပြည်သူတွေ ပြန်လည်နေထိုင်ခွင့်ပြုတော့မယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ပြီးတဲ့နောက် မတူပီမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတချို့ မြို့ကို ပြန်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) က ICNCC နဲ့ CB ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လမ်းစဉ်အတိုင်း သက်ဆိုင်ရာ တိုက်နယ်/ ရပ်ကွက်၊ ကျေးရွာတွေမှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး နဲ့ ပြည်သူ့ဝန်ဆောင််မှု ယန္တရားတွေကို ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေကြောင်းလည်း သြဂုတ်လ (၂၆) ရက်နေ့မှာ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။