Headlines

ထိုင်းဖိုက်တာကို ဆလိုင်းထန်ခွီးရှိန် အလဲထိုးအနိုင်ယူပြီး ဒေါ်လာ ၁၀,၀၀၀ အပိုဆုကြေးရရှိ

နို၀င်ဘာလ ၂၁ ရက်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Lumpinee Stadium ကွင်း မှာ နိုဝင်ဘာလ ၂၀ ရက် (သောကြာည) က ကျင်းပခဲ့တဲ့ ONE Championship ရဲ့ ONE Friday Fights 179 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဆလိုင်းထန်ခွီးရှိန်က ထိုင်းဖိုက်တာ Rak Erawan ကို ဒုတိယအချီ ၁ မိနစ် ၉ စက္ကန့်မှာ အလဲထိုး (KO) နဲ့ အနိုင်ရရှိခဲ့ပြီး အပိုဆုကြေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပါ ရရှိသွားပါတယ်။

Atomweight Muay Thai ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ ဒီပွဲရဲ့ အစောပိုင်း ပထမအချီမှာတော့ လုမ္ပနီချန်ပီယံဟောင်း Rak Erawan ရဲ့ ကစားဟန်က အတော်လေးကောင်းမွန်ခဲ့ပြီး သူ့ရဲ့ အမြင့်ကန်ချက်တွေကြောင့် ဆလိုင်းထန်ခွီးရှိန်အနေနဲ့ တွန့်ဆုတ်ခဲ့ရပါတယ်။ ဆလိုင်းထန်ခွီးရှိန်ဟာ ပြိုင်ဘက်အနားကို ကပ်လို့မရဘဲ အခက်တွေ့နေခဲ့ရသလို တန်ပြန်တိုက်စစ် (Counter) ကိုသာ အားပြုကစားနေရတာကြောင့် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပါတယ်။

ဒုတိယအချီရောက်တဲ့အခါ နည်းစနစ်အားသာချက်ရှိနေတဲ့ Rak Erawan က ပွဲဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်စစ်ဖွင့်ပြီး အလဲထိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ ဆလိုင်းထန်ခွီးရှိန်ကတော့ သတိကြီးကြီးထားပြီး ခုခံကစားနေခဲ့ရပေမယ့် ခံစစ်ကို အာရုံမစိုက်တော့တဲ့အချိန်မှာ ဆလိုင်းထန်ခွီးရှိန်ရဲ့ တန်ပြန်လက်သီးချက်တွေ ထိမှန်ကာ အမှတ်စဉ်ရေတွက်ခံခဲ့ရပါတယ်။

အမှတ်စဉ်ရေခံရပြီးနောက်ပိုင်းမှာ Rak Erawan ဟာ မူးနောက်ပြီး ခြေလှမ်း (Footwork) တွေ မမှန်တော့တာကြောင့် ဆလိုင်းထန်ခွီးရှိန်က ပြိုင်ဘက်ရဲ့ အမြင့်ကန်ချက်ကို သတိထားရင်း ပင့်ဝိုက်လက်သီးတွဲလုံးတွေနဲ့ အလဲထိုးခဲ့ပါတယ်။ အဲဒီနောက် ကြိုးဝိုင်းဒိုင်က Rak Erawan ကို ဒုတိယအကြိမ် အမှတ်စဉ်မရေတွက်တော့ဘဲ ဒုတိယအချီ ၁ မိနစ် ၉ စက္ကန့်မှာ ပွဲရပ်လိုက်တာကြောင့် အသက် ၂၂ နှစ်အရွယ် ဆလိုင်းထန်ခွီးရှိန်အတွက် ဂုဏ်ယူစရာ နိုင်ပွဲတစ်ပွဲနဲ့အတူ ဒေါ်လာ ၁၀,၀၀၀ ဘောနပ်စ်ဆုကြေးကိုပါ ဆွတ်ခူးနိုင်ခဲ့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *