
နိုဝင်ဘာလ ၁၈ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ သူဌေးကုန်းကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် (၄) စီး၊ Y -12 (၁) စီး တို့ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့ည (၇) ခန့်မှာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရွယ်မရောက်သေးတဲ့ ကလေးငယ် (၁)ဦး၊ ကိုယ်ဝန် ၅ လ ရှိအမျိုးသမီးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် ( ULA / AA) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ည (၇) နာရီ (၅၇) မိနစ်ကနေ ၉ နာရီ ၁၅ မိနစ်အချိန်ထိ တစ်နာကျော်အကြာ ပေါင် (၅၀၀)၊ (၃၀၀) ၊ (၂၀၀) ၊ Rocket နဲ့ ဒရုန်းဗုံးအပါအဝင် စုစုပေါင်း ဗုံးအလုံးရေ ၅၀ နီးပါးခန့်ဖြင့် မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ခေတ္တ (စစ်ဘေးရှောင်) အပြစ်မဲ့ အရပ်သားပြည်သူ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ၊ ကိုယ်ဝန် (၅) လရှိ အမျိုးသမီး တစ်ဦး နဲ့ ကျား (၆) ၊ မ (၄) ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကျား (၁၁) ဦးနဲ့ မ (၁၀) ဦး စုစုပေါင်း ၂၁ ဦး အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သားလူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း အာရက္ခတပ်တော် ( ULA / AA) က ထုတ်ပြန်ထားပါတယ်။

