
အောက်တိုဘာလ ၂၂ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသားကလေးငယ် (၁) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရမှုပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ပြည်သူတွေ လေကြောင်းရန်သတိပြုကြဖို့ ချင်းအမျိုးသားတပ်ဦး ( CNF) က ဒီကနေ့အောက်တို
ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံရွာနဲ့ လုံးတူရွာတွေကို တိုက်လေယာဉ်နဲ့ Y 12 လေယာဉ်တွေ အသုံးပြုပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုလို အပြစ်မဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထပ်ခါခါ ကျူးလွန်နေခြင်းဖြစ်တယ်လို့ CNF က ဆိုပါတယ်။
စစ်အုပ်စုအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကိုပါ မခွဲခြားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ အတွက် ပြည်သူတွေအနေဖြင့် လေကြောင်းရန် သတိပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး သက်သာကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့တယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF) ကဆိုပါတယ်။

