
“ မြန်မာပြည်ကိုချစ်တဲ့ မြန်မာတိုင်းက Van ကို ချစ်ခွင့်ရှိတယ် ၊ အားပေးခွင့်ရှိတယ် ” လို့ အာဏာသိမ်းစစ်တပ် ထောက်ခံ လော်ဘီလို့ လူသိများတဲ့ မပုတုမာန်ပါပါပြောဆိုသံပါ။
မြန်မာနိုင်ငံဖွား ချင်းလူငယ်ဖိုက်တာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van ကို အားပေးလို့ ဖမ်းခိုင်းနေတဲ့ တပ်ထောက်ခံသူတချို့ကို Joshua Van မျက်နှာပါတဲ့ အိမ်ကျီဝတ်ပြီး မာန်ပါပါ တုံ့ပြန်ပြောဆိုထားတဲ့ မပုတုရဲ့ ရုပ်သံဗီဒီယို လူမှုကွန်ယက်ပေါ်မှာ တွေ့မြင်ရပါတယ်။
စစ်တပ်ထောက်ခံသူတချို့က Joshua Van ဟာ အနီရောင်အမေ့သား ဖြစ်တယ်ဆိုကာ Joshua Van ကို အားပေးတဲ့ စစ်တပ်လော်ဘီ မပုတုကို ဖမ်းဆီးခိုင်းကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ၊ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းမှာ နိုင်ငံရေးရပ်တည်ချက်တွေ မတူကြသလို ကိုယ်မြင်တဲ့ အမှန်တရားချင်းတောင် မတူညီကြပါဘူး။ ဒါပေမယ့် Joshua Van ထိုးပွဲရောက်ချိန်မှာတော့ Joshua Van နိုင်ပါစေလို့ တူညီဆန္ဒကတော့ အနီကောအစိမ်းမှာပါရှိနေတဲ့သဘောမျိုးဖြစ်ပါတယ်။
လက်ဝှေ့ကြိုးဝိုင်းထဲ Joshua Van တစ်ရောက်တည်း ထိုးသတ်နေပေမယ့် ကြိုးဝိုင်းအပြင်ဘက်မှာ မြန်မာတွေရဲ့ စိတ်က တစ်နေရာတည်းမှာဘဲ စုစည်းနေကြပါတယ်။
“ကျနော်တို့စစ်ရှောင်စခန်းမှာတော့ ဖုန်းနဲ့ ကြည့်ကြတာပါ Joshua Van ပွဲလာရင် ချင်းလူမျိုးလည်းဖြစ် မြန်မာနိုင်ငံသားလည်းဖြစ်တော့ သူ့ပွဲရှိရင် ကိုယ့်အမျိုးရင်းလို သဘောထားပြီး ကြည့်တယ် စိတ်အရမ်းလှုပ်ရှားရတယ် သူများရှုံးသွားမလား စိုးရိမ်ရပေမယ့် နိုင်တဲ့အခါမှာတော့ အရမ်းစိတ်ပေါ့ပါးသလို ခံစားရတယ် အရမ်းလည်း ပျော်ရွှင်ရတယ်” လို့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် ချင်းပြည်နယ် ၊ မတူပီမြို့နယ်ကနေ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ထိုက်ရောလ်းစစ်ရှောင်စခန်းမှာ ခက်ခဲပင်ပန်းဆင်းရဲစွာနေရတဲ့ ကိုအားလုံက ပြောပါတယ်။
“ မြန်မာစစ်တပ်ကြောင့် အခုလို စစ်ရှောင်ဘဝနေရတာက ပြောစရာစကားလုံးတောင် မရှိလောက်အောင် အရမ်းခက်ခဲကြမ်းတမ်းတာပဲ။ Joshua Van ထိုးပွဲတွေ ရှိတဲ့ချိန်ဆို ဘဝအမောတွေ ခဏမေ့သွားစေတယ် အားအင်လည်း ပြည့်ဝလာတယ်။ အခက်ခဲတွေကြားကနေ သူလည်း အောင်မြင်လာသူဆိုတော့ သူ့ကိုကြည့်ပြီး အားလည်း အရမ်းရတယ်” လို့ အားလုံက ပြောပါတယ်။
၅ နှစ်ကျော်အကြာ ဝါးလုံးတွေနဲ့ဆောက်လုပ်ကာ မိုးကာတွေနဲ့ ခေါင်မိုးလုပ် နေထိုင်နေကြရတဲ့ ကိုအားလုံတို့ရဲ့ ချင်းစစ်ဘေးရှောင်စခန်းမှာ အားလုံးက ခရစ်ယာန်တွေဖြစ်ကြပြီး Josha Van ထိုးပွဲလာတဲ့ချိန်က တနင်္ဂနွေနေ့တွေမှာ ဖြစ်လေ့ရှိလို့ ဘုရားကျောင်းသွားသူက သွားပြီး မကြည့်ဖြစ်ကြသူတွေလည်း ရှိတယ်လို့ ကိုအားလုံက ပြောပါတယ်။
နိုင်ငံရေးမှာ ကျနော်တို့လူမှုအဖဲ့ွအစည်းကို ဘယ်သူ့ဘက်ကလည်းလို့ မေးတတ်ပေမယ့် အားကစားကတော့ “ ဘယ်သူ့ကို အားပေးမလဲ” မေးပါတယ်။
၂၀၂၁ ခုနှစ် ၊ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပေမယ့် ကမ္ဘာကျော် UFC ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအလံကို ခြုံပြီး ကွင်းထဲကို မြန်မာနိုင်ငံဖွား ချင်းလူငယ်ဖိုက်တာ UFC ချန်ပီယံ Joshua Van ဝင်ရောက်လာချိန်မှာတော့ တစိတ်တဝမ်းတည်းနဲ့ ပွဲတိုင်းမှာ Van အနိုင်ရဖို့ တခဲနက် အားပေးကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း UFC 331 ပြိုင်ပွဲခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်ချန်ပီယံ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ Joshua Van နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ ၅ ချီအထိ အကြိတ်အနယ်ထိုးခဲ့တဲ့ ပွဲမှာလည်း မြန်မာနိုင်ငံ ထဲက မြို့ကြီးတွေမှာ လက်ဖက်ရည်ဆိုင်က TV ကနေပွဲကို တခဲနက်အားပေးကြပါတယ်။
ရွာတွေမှာ ဖုန်းတွေနဲ့ ကြည့်ကြပြီး Van က ပွဲကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့လို့ အမှတ်နဲ့ အနိုင်ယူအောင်ပွဲခံတဲ့ချိန်မှာလည်း ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံကြတဲ့ နယ်ပယ်အသီးအသီး အဖွဲ့အစည်းအသီးသီး လူတန်းစားအသီးသီး က ပုံရိပ်တွေ ဗီဒီယိုရုပ်သံတွေ လူမူကွန်ယက်ပေါ်မှာ ပလူပြန်နေအောင် တွေ့ရပါတယ်။
ကမ္ဘာမှာ မြန်မာနိုင်ငံဆိုတာကို လူတွေ ပိုသိစေချင်တယ်လို့ မြန်မာနိုင်ငံဖွား ချင်းလူငယ်ဖိုက်တာ UFC ချန်ပီယံ Joshua Van က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားသလို မြန်မာနိုင်ငံ အလံကိုလည်း ပွဲတိုင်းမှာ ယူဆောင်သွားပြီး နိုင်ပွဲတွေကို အလံနဲ့အတူ အောင်ပွဲခံလေ့ ရှိတက်သူကို မြန်မာနိုင်ငံတဝှမ်းက တခဲနက်ချစ်ခင် အားပေးကြပါတယ်။
UFC ချန်ပီယံ Joshua Van ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ဆုံး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာမွေးဖွားလာခဲ့သူဖြစ်ပြီး မိသားစုနဲ့အတူ မလေးရှားနိုင်ငံမှာ စစ်ရှောင်အဖြစ်ခေတ္တနေထိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာမိသားစုနဲ့အတူ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့သို့ ရွှေ့ပြောင်းအခြေချခဲ့သူလည်းဖြစ်ပြီး လက်ရှိမှာ UFC ဖလိုင်းဝိုတ်တန်း ချန်ပီယံအဖြစ် အောင်မြင်နေသူလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် ပြည်သူလူထု အမြောက်အများဟာ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်း ၊ ပြည်ပ နေရာ အနှံ့ စစ်ဘေးရှောင်နေကြရသလို စစ်ဒဏ်ကို ကြာရှည်ခံစားလာရလို့ စိတ်နဲ့ ကိုယ် ပင်ပန်းနွမ်းနယ်နေကြပါတယ်။
သေချာတာတခုက မြန်မာနိုင်ငံဖွား ချင်းလူငယ်ဖိုက်တာ UFC ချန်ပီယံ Joshua Van ရဲ့ပြိုင်ပွဲတိုင်းမှာ တော့ မျက်နှာပေါ် အပြုံးတွေနဲ့ ပျော်ရွှင်စွာ အားပေးနေကြတယ်ဆိုတာပဲဖြစ်ပါတယ်။
အားကစားဟာ လူတွေကို အမြဲတမ်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေမယ်လို့ မဆိုလိုနိုင်ပေမယ့် ကွဲပြားနေတဲ့လူတွေကို တစ်ချိန်တည်းမှာ တစ်ခုတည်းသောအရာတွေကို အတူတူခံစားနိုင်အောင်တော့ လုပ်ပေးနိုင်တယ်ဆိုတာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ Joshua Van ရဲ့ နောက်ထိုးမယ်ပွဲတွေကလည်း သက်သေပြနေဦးမှာကတော့ ထပ်ဆင့်သေချာမှုတခုဖြစ်လို့နေပါတယ်။

