Headlines

မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာလ ၈ ရက်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ ဆောင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ် ဆက် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ (၈) ရက်နေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ – မလေးရှား နှစ်နိုင်ငံ တွေ့ဆုံပွဲအတွင်း တရားဝင် ပြောကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာဘက်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေး တောင်းဆိုချက်အပေါ် မြန်မာဘက်က အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့တာကို အထူးပဲ ကျေးဇူးတင်တယ်လို့ ဦးစွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အခုအချိန်အထိ တစ်နှစ်တာ ကာလအတွင်းမှာတင် မြန်မာနိုင်ငံသား ၁၀,၄၀၀ (တစ်သောင်းလေးရာ) ဦးကို လေကြောင်းလိုင်းတွေအပြင် ရေတပ်စစ်ရေယာဉ်တွေနဲ့ပါ မြန်မာနိုင်ငံဘက်က ကုန်ကျစရိတ် အကုန်ခံပြီး ပြန်လည်ခေါ်ယူပေးခဲ့တာဟာ တခြားဘယ်နိုင်ငံမှာမှ မကြုံဖူးတဲ့ စံချိန်တင် လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့လည်း ချီးကျူးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာဘက်ကလည်း မိမိနိုင်ငံသားတွေကို နောက်ထပ် ဆက်လက်လက်ခံ ခေါ်ယူပေးဖို့ အဆင်သင့်ရှိနေတယ်လို့ အသိပေးထားတဲ့အတွက် နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ နှစ်ဖက် ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်ရာ ဌာနတွေက ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ မလေးရှား ဝန်ကြီးချုပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

သံတမန်ဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ မြန်မာဘက်က ၁၉၅၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး သမိုင်းကြောင်းကို ထောက်ပြခဲ့ပြီး သမိုင်းတစ်လျှောက် အချင်းချင်း ရန်လိုမှုမရှိဘဲ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကို အလေးထား ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ရှေ့လာမယ့် ကာလတွေမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေဖို့နဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ကိစ္စကို ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ရာမှာ ချင်းတိုင်းရင်းသား ၁၇၃ ဦး ပါဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *