Headlines

မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရထံ ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့

အောက်တိုဘာလ ၈ ရက်။

အသက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အထူးထည့်သွင်းစဉ်းစားပေးပြီး ပြည်နှင်ဒဏ်ပေးတာတွေကို ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေတုခ်ဆရီ ဆိုင်ဖူဒင် နာဆူရှင်း ဘင် အစ္စမေးလ် ထံ ၂၀၂၀ ခုနစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့စုစည်းထားတဲ့ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့အောက်တိုဘာလ (၇) ရက်နေ့က ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပါအဝင် စစ်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်ထပ်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် လွန်စွာစိုးရိမ်ပူပန်ရတယ်လို့ အိတ်ဖွင့်စာမှာ ထည့်သွင်းထားပါတယ်။

မလေးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ အမျိုးသားလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝ လေးစားတန်ဖိုးထားကြောင်းနဲ့ မလေးရှာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ပြီး ပြစ်မှုကျူးလွန်ထားသူတွေကို ဥပေဒေအတိုင်း စိစစ်အရေးယူ ဆောင်ရွက်ချက်တွေကို လုံးဝထောက်ခံအားပေးကြောင်းလည်း ဆိုပါတယ်။

မလေးရှားနိုင်ငံကို နည်းမျိုးစုံဖြင့် ရောက်လာကြတဲ့ အကြောင်းအရင်းတွေလည်း တစ်ဦးနဲ့ တစ်ဦး မတူညီကြပေမယ့် အဓိကအနေဖြင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာနှင့် မြို့တွေကို မီးရှို့မှုတွေ၊ အရပ်သားအစိုးရထံက စစ်တပ်အာဏာသိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ဖမ်းဝရမ်းကို ရှောင်ရှား၍လည်းကောင်း ၊ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးစွပ်စွဲ နှိပ်စက်ညှင်းပန်းခံရတဲ့ အန္တရာယ်မှ လွတ်မြောက်ဖို့လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မပြဌာန်းပြီး မဖြစ်မနေ စစ်မှုထမ်းဖို့ စုဆောင်းခံရမယ့် အန္တရာယ်တွေကနေ ရှောင်ရှားလိုခြင်း စတဲ့ အကြောင်းတွေကြောင့် မလေးရှာနိုင်ငံကို ရောက်ရှိလာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို မလေးရှားနိုင်ငံကို ရောက်ရှိလာပြီး ဖမ်းဆီးခံခံရတဲ့ မြန်မာနိုင်ငံသားတွေကို Non – Refoulement ၏ အခြေခံမူနှင့်အညီ လူတစ်ဦးကို ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြင်းနှင့် အသက်နှင့် လွတ်လပ်ခွင့် အပေါ် ပြင်းထန်တဲ့ အန္တရာယ်များရှိခြင်း တွေအပေါ် အခြေခံပြီး လူ့ဂုဏ်သိက္ခာနှင့် လူသားချင်းစာနာထောက်ထားမူကို ရှေးရှုကာ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်မှုတွေက လွတ်မြောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အထူးထည့်သွင်း စဉ်းစားပြီး ပြည်နှင်ဒဏ်ပေးခြင်း ဆိုင်းငံပေးဖို့ နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Malaysia) နှင့် ပူးပေါင်းပြီး ယာယီအကာအကွယ်ပေးရေး နည်းလမ်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *