
စက်တင်ဘာလ ၉ ရက်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်မှာ ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်ဘာသာသင်ရိုးသစ်ကို အစားထိုးထားပေမယ့် ကျောင်းသူကျောင်းသားတွေအနေဖြင့် ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့အာရက္ခတပ်တော်(ULA / AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်းရဲ့ တယ်လီဂရမ်ချယ်နယ်ကနေတဆင့် အာရက္ခအမျိုးသားပညာရေးဌာနရဲ့ သဘောထားကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားမှုတွင် ကျောင်းသား၊ ကျောင်းသူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းတာမျိုးလည်း မရှိကြောင်း အာရက္ခအမျိုးသားပညာရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ပလက်ဝခရိုင်အတွင်း သင်ကြားမယ့် သင်ရိုးညွှန်းတမ်းနဲ့ပက်သက်ပြီး ပညာရေးဌာနရဲ့ မူဝါဒမှာ အသစ်ရေးဆွဲထားတဲ့ ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာမှာ အစားထိုးထားပါသော်လည်း ကျောင်းသား/ သူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ဘဲ ကျောင်းသူကျောင်းသားတွေအနေဖြင့် မြန်မာစာနဲ့ ရခိုင်စာနှစ်ခုထဲကနေ ကြိုက်နှစ်သစ်ရာဘာသာရွေးချယ် သင်ကြားနိုင်တဲ့ မူဝါဒကျင့်သုံးလာမှာဖြစ်တယ်လို့ အာရက္ခအမျိုးသားပညာရေးဌာနရဲ့ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားပါတယ်။
ပလက်ဝမြို့နယ်အတွင်း ဒီပညာသင်နှစ်တွင် ၁၂ တန်း ပညာသင်ယူနေသူ စုစုပေါင်း ၁၅၈ ယောက် ရှိပြီး အဲဒီထဲမှာ ရခိုင်လူမျိုး ၁၃၈ ဦး ၊ ခူမီးလူမျိုး ၁၆ ယောက်၊ ဒိုင်းနက်လူမျိုး ၃ ယောက်၊ မြို့လူမျိုး ၁ ယောက်တို့ဟာ အာရက္ခအမျိုးသား ပညာရေးဌာနရဲ့ ကြီးကြပ်ကာ ပညာသင်ကြားပေးလျက်ရှိတယ်လို့လည်း အာရက္ခအမျိုးသားပညာရေးဌာနကဖော်ပြထားတာတွေ့ရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အခြေခံပညာရေးသင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် အစားထိုးသင်ကြားဖို့ ပြဌာန်းတာဟာ ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြတဲ့ ခူးမီးချင်းလူမျိုးတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင်ပြုရာရောက်သလို စိတ်ဝမ်းကွဲပြားစေတယ်လို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း ( GKO )အဖွဲ့ကတော့ စက်တင်ဘာလ ၆ ရက်နေ့က ကန့်ကွက်ထားပါတယ်။

