Headlines

လူငယ် ၁ သိန်း ၂ သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခဲ့ပြီး မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့အကျပ်အတည်းကိုဦးတည်နေကြောင်း​ ကုလသမဂ္ဂ သတိပေး

စက်တင်ဘာ ၄ ရက်။

စစ်ကောင်စီစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာလူငယ် ၁ သိန်း ၂ သောင်းကျော်ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းမှုများနှင့် တရားမဝင် သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းဆီကိုဦးတည်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးထုတ်ပြန်လိုက်ပါတယ်။

OHCHR ရဲ့၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အရပ်သားများဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှု၊ အစာရေစာပြတ်လပ်မှုနှင့် နေရပ် စွန့်ခွာထွက်ပြေးရမှုများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၈,၀၇၅ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူများတွင် အမျိုးသမီး ၁,၇၇၄ ဦးနှင့် ကလေးသူငယ် ၁,၀၇၄ ဦး ပါဝင်ကြောင်း OHCHR က ဖော်ပြပါတယ်။

အထူးသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်မြင့်တက်လာနေပြီး လွန်ခဲ့သည့် ၁၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၅၉၂ ကြိမ်အထိ ဖြစ်ပွားခဲ့ရာ ယခင် ၁၂ လတာကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း OHCHR က ဆိုပါတယ်။

နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းမှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၃၁,၁၀၁ ဦးအထိ ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့အနက် ၁၄,၂၇၈ ဦးမှာ ဆိုးရွားအခြေအနေများအောက်တွင် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း OHCHR က ဖော်ပြပါတယ်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ IDP အရေအတွက် ၃.၆ သန်းအထိ ရှိလာကာ လူပေါင်း ၁၅.၂ သန်းမှာ အပြင်းအထန် အစာရေစာမလုံလောက်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ကို ရင်ဆိုင်နေရကြောင်း OHCHR က ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အပတ်စဉ် စစ်သားသစ်များ ခေါ်ယူခဲ့ရာ ယခုအချိန်အထိ အပတ်စဉ် ၂၅ အထိ ခေါ်ယူခဲ့ပြီး လူငယ် ၁၂၅,၀၀၀ ခန့်ကို စစ်မှုထမ်းစေရန် အတင်း အဓမ္မ ခေါ်ယူခဲ့ကြောင်း၊အဓမ္မ စစ်မှုထမ်းခိုင်းစေမှုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအကြား ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ပြီး လူငယ်အများအပြားသည် စစ်မှုထမ်းခေါ်ယူခံရမည့်အန္တရာယ်မှ လွတ်မြောက်ရန် နေရပ်စွန့်ခွာခြင်းနှင့် နိုင်ငံမှထွက်ခွာရန် ကြိုးပမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း OHCHR ကထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စစ်တပ်အနေဖြင့် ကလေးသူငယ်များနှင့် ရိုဟင်ဂျာများအပါအဝင် အဓမ္မ စစ်မှုထမ်းခိုင်းစေမှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပါတယ်။

ယင်းအပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တရားမဝင်နှင့် စနစ်တကျထိန်းချုပ်မှုမရှိသော မြေရှားသတ္တု (Rare Earth) တူးဖော်မှုများ အဆမတန်မြင့်တက်လာပြီး လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ ပိုမိုကြီးမားလာကြောင်း၊လက်ရှိမှာ မြေရှားသတ္တုတူးဖော်သည့်နေရာပေါင်း ၅၉၀ အထိ ရှိလာခဲ့ပြီး စစ်အာဏာမသိမ်းမီက တူးဖော်နေရာ ၂၁၅ ခုသာရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း OHCHR ကထုတ်ပြန်ပါတယ်။

မြေရှားသတ္တုများကို စနစ်တကျထိန်းချုပ်မှုမရှိသည့် ဓာတုဗေဒနည်းလမ်းများဖြစ်သော In-situ leaching ဖြင့် တူးဖော်ခြင်းကြောင့် သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ ရေအရင်းအမြစ်များ ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းခြင်းနှင့် ဒေသခံများ၏ ကျန်းမာရေးအန္တရာယ်များ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်နေကြောင်း OHCHR က သတိပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး(OHCHR)က မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) သို့ အပြည့်အဝလွှဲပြောင်းပေးရန် ထပ်မံတောင်းဆိုပါတယ်။

ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်၊ ခဲယမ်းမီးကျောက်၊ ဂျက်လေယာဉ်ဆီနှင့် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးအသုံးပြုနိုင်သည့် Dual-use ပစ္စည်းများ လွှဲပြောင်းပေးပို့မှုကို ရပ်တန့်တားဆီးရန် တောင်းဆိုထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ အရပ်သားအာဏာပိုင်အဖြစ် ဟန်ဆောင်ကျင့်သုံးနေမှုကို နိုင်ငံရေးတရားဝင်မှု မပေးရန်၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး တောင်းဆိုချက်များကို နိုင်ငံရေးနှင့် ငွေကြေးပိုင်းအရ ထောက်ခံရန်၊စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း နိုင်ငံတကာဥပဒေများကို လိုက်နာရေးအတွက် အတည်ပြုစစ်ဆေးနိုင်သည့် အဓိပ္ပာယ်ရှိသော တိုးတက်မှုများ ရရှိရန် ဖိအားပေးဆောင်ရွက်ရန် OHCHR က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်း မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများကို အကာအကွယ်ပေးရန်၊ စစ်တပ်က နိုင်ငံသားများအား ကိုယ်ရေးအထောက်အထားစာရွက်စာတမ်းနှင့် ဥပဒေအရ အကာ အကွယ်ရရှိခွင့် မပေးနိုင်အောင် ဆောင်ရွက်နေသည့် လုပ်ရပ်များကို တုံ့ပြန်ရန်နှင့် အရပ်သားများကို အန္တရာယ်ရှိနိုင်သည့်နေရာများသို့ အတင်းအဓမ္မ ပြန်ပို့ခြင်းမပြုရန်လည်း OHCHR က တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများ၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများ၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ နေရပ်စွန့်ခွာရမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ပိုမိုနက်ရှိုင်းသော အကျပ်အတည်းသို့ တွန်းပို့နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *