
ဩဂုတ်လ ၂၈ ရက်။
အာဏာသိမ်း စစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့အထိ လာပြီး Third Party ကတဆင့်ချဉ်းကပ်တာမျိုးရှိခဲ့တယ်လို့ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းပြည်တည်ဆောက်ခြင်း – ချင်းပြည်သူတို့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂ နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr . Sui Khar ကပြောပါတယ်။
ချင်းပြည် ( Chinland) ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr . Sui Khar က ” ငြိမ်းချမ်းရေးတွက် တွေ့ဆုံဆွေးနွေးနိုင်ရေး အဲဒီကိစ္စနဲ့ပက်သက်ပြီး အိုက်ဇောအထိကို လူလွှတ်ပြီးတော့ Third Party သက်ဆိုင်ရာကနေ တဆင့်ချဉ်းကပ်တာမျိုးတော့ရှိတယ် အဲဒီအချိန်တုန်းက ကံကောင်းစွာနဲ့ဘဲ CB နဲ့ CC အစည်းအဝေးလည်းရှိနေတယ်ဆိုတော့ အဲဒီမှာကတော့ ပေါ်လစီတစ်ခုကိုထုတ်ပြန်တာ တစ်ခုတော့ ရှိတယ် ကျနော်တို့ CC နဲ့ CB ပူးပေါင်းဆောင်ရွက်မှုအရင်လုပ်ပြီး တော့မှဘဲ ဒီကိစ္စတွေကိုတော့ ကျနော်တို့ ပြန်တုန့်ပြန်ပါမယ်ဆိုပြီးတော့ ပြန်တုန့်ပြန်တာရှိတယ်လို့ သိရတယ် ဒုတိယအနေနဲ့တော့ SCEF ကနေ ငြိမ်းချမ်းရေးနဲ့ပက်သက်ပြီးတော့ ထုတ်ပြန်တဲ့ ပေါ်လစီပေါ်မှာ ကျနော်တို့ရပ်တည်ပါတယ် ဘာလို့လည်းဆိုတော့ ဒီအခုငြိမ်းချမ်းရေးဖော်နေတာက ငြိမ်းချမ်းရေးမှ မဟုတ်တာ တကယ့်ငြိမ်းချမ်းရေး လိုချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးပါဝင်အောင် ခေါ်သင့်တာပေါ့ ၊ EAO ဘဲခေါ်ပြီးတော့ ကျန်တဲ့သူကို မခေါ်ဘူးဆိုတဲ့ပုံစံမျိုးတော့ မဖြစ်သင့်ဘူးလေ အဲဒါကြောင့် SCEF ရဲ့ပေါ်လစီကိုဘဲ ကျနော်တို့ဘက်ကတော့ ခိုင်ခိုင်မာမာရပ်တည်သွားမယ်ဆိုတာပြောချင်တယ်” လို့ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ချင်းပြည် ( Chinland) ကောင်စီ ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ၂ နှစ်ခွဲတာအတွင်း ချင်းပြည် ( Chinland) ကောင်စီ ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်မှုတွေကို ဒီကနေ့မှာ သတင်းဌာနတချို့ ဖိတ်ကြားပြီး မိတ်ဆက်ရှင်းလင်းပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲတွင် လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားမျှတမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေကနေ ရရှိတဲ့ အောင်မြင်မှုတွေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးတင်ပြခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း တင်ပြခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

