

ဩဂုတ်လ ၂၇ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အဌားယာဉ်မောင်းလိုက်နေတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့ကာ သူ့ရဲ့ရုပ်အလောင်းကို ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မှာ သဂြိုလ်ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ သူတွေဆီကနေသိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ Heilei ကျးရွာဇာတိကဖြစ်ပြီး ကလေးမြို့တွင် အဌားယာဉ်မောင်းလိုက် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အဌားယာဉ်မောင်းလိုက်နေစဉ် ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာလည်းဖြစ်ပါတယ်။
မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက “ အခုသေဆုံးသူက ပစ္စည်းတွေ သွားပို့ရင်းနဲ့ ဖမ်းဆီးခံရတာဖြစ်တယ် ဖမ်းဆီးခံရတုန်းက သူ့သူငယ်ချင်းတွေလည်းပါတယ် တချို့က ပြန်လွတ်မြောက်ကြပေမယ့် Pa Do Sian Mang ကတော့ မလွတ်မြောက်ဘဲ စစ်ကောင်စီရဲ့ ရိုက်နှက်စစ်ဆေးတာတွေခံရပြီး အဲဒီဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကတော့ Pa Do Sian Mang သေဆုံးတာနဲ့ ပက်သက်ပြီး နှလုံးရပ်သေဆုံးတာလို့ မိသားစုဝင်တွေဆီ အကြောင်းကြားခဲ့တယ်လို့ သိရပြီး ဒါ့အပြင် သေဆုံးသူရဲ့ ရောဂါစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ ရုပ်အလောင်းကိုလည်း ခွဲစိတ်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
ချင်းလူငယ် Pa Do Sian Mang ကို နှလုံးရပ်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုပေမယ့် သေဆုံးသူရဲ့ ရုပ်အလောင်း တကိုယ်လုံးတွင် ထိခိုက်ဒဏ်ရာတွေ အများအပြားတွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။

