
ဩဂုတ်လ ၂၇ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ မီးဇာကျေးရွာကို စစ်ကော်မရှင်က မနေ့ သြဂုတ်လ ၂၆ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ညနေ ၄ နာရီကျော်ဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဂျက်ဖိုက်တာ ၅ စီးဖြင့် မီးဇာကျေးရွာနဲ့ အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သား ၁ ဦးသေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ မီးဇာကျေးရွာက ပလက်ဝမြို့အထက်ပိုင်းက ချင်းရွာပေါ့ ဒေသခံတွေပြောတာက ဂျက်ဖိုက်တာ ၅ စီးနဲ့ အလုံး ၅၀ ကျော်လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ ပြောတယ် ထိခိုက်ပျက်စီးမှုတွေတော့ များလောက်တယ် သူတို့ပြောပုံအရ ဆိုရင် စစ်ကော်မရှင်က AA စခန်းတွေ ရှိတဲ့နေရာတွေကို တည်နေရာလို့ ထင်တဲ့နေရာတွေကို အကြီးကျယ် ဗုံးကြဲချလိုက်တယ်လို့ ပြောဆိုတာတွေလည်းရှိတယ် ”လို့ပြောပါတယ်။
အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သားအမိ ၂ ယောက်သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း ပလက်ဝဒေသအတွင်း သတင်းဌာနတွေက ဖော်ပြထားတာတွေ့ရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာက MDF စစ်သင်တန်းကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားအပါအဝင် သင်တန်းသား ၅ ဦးကျဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

