



Salai Kimo
ဤအချက်ကို ရခိုင်လူထုမှ ရှင်းရှင်းလင်းလင်း သိရှိရန်လိုအပ်သည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကို ပြောခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်ခြင်း မဟုတ်။ရခိုင်ပြည်သူများ၏ အမျိုးသားရေးအခွင့်အရေးကို ချင်းတို့က ငြင်းပယ်ခြင်းလည်း မဟုတ်ပါ။
ရခိုင်တို့သည် မိမိတို့၏ နယ်မြေတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသကဲ့သို့ ချင်းတို့သည်လည်း မိမိတို့၏ နယ်မြေတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိရမည် ဆိုခြင်းသာ ဖြစ်သည်။ ရခိုင်တို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် တရားမျှတလျှင် ၊ ချင်းတို့အတွက်လည်း တရားမျှတရမည်။ ရခိုင်တို့၏ နယ်မြေအခွင့်အရေးကို ကာကွယ်ရမည်ဆိုလျှင် ၊ချင်းတို့၏ နယ်မြေအခွင့်အရေးကိုလည်း ကာကွယ်ရမည်။ ဖက်ဒရယ်ဒီမိုကရေစီဆိုသည်မှာ တစ်ဖက်လူမျိုး၏ အခွင့်အရေးကို အသိအမှတ်ပြုပြီး မိမိတို့၏ အခွင့်အရေးကိုလည်း တန်းတူတောင်းဆိုခြင်း ဖြစ်သည်။
ပလက်၀မြို့နယ်သည် ချင်းပြည်နယ် ဖြစ်ကြောင်း ချင်းလူမျိုး တွေ ပြောလျှင် ရခိုင်တချို့မကြိုက်ကြ၊ ပလက်ဝမှ ချင်းလူမျိုးများက ချင်းပြည်အကြောင်း ပြောလျှင် ချင်းပြည်မှာသာ ပလက်ဝနယ်ကိုပါဝင်စေလိုကြောင်း ပြောလျှင် ရခိုင်တချို့မကြိုက်ကြ၊ ချင်းမြေ ပလက်ဝကို ချစ်ခြင်း၊ကာကွယ်ခြင်းသည် ရခိုင်ကို တိုက်ခိုက်ခြင်းလို့ ရခိုင်တချို့မှတ်ယူခြင်းကြောင့်လား??
ပလက်ဝအရေး၏ နောက်ဆုံးအဖြေကို သေနတ်ဖြင့် မရေးသင့်ပါ။
<> ( စစ်ရေးအရ သိမ်းပိုက်နိုင်ခြင်းသည် သမိုင်းဝင်နယ်မြေကို ပိုင်ဆိုင်ခွင့် ရရှိသွားခြင်း မဟုတ်ပါ)
ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမှာ တည်ရှိသည့် ပလက်ဝမြေသည် ယနေ့ မြေပုံပေါ်တွင် ရှိနေသေးသည်။ သို့သော် မြေပုံပေါ်မှာ ရှိနေခြင်းနှင့် လက်တွေ့တွင် မိမိတို့၏ နယ်မြေကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ခြင်းသည် တူညီခြင်းမရှိတော့ပေ။
ချင်းပြည်နယ်၏ မြို့နယ်တစ်ခု ဖြစ်ခဲ့သည့် ပလက်ဝသည် ယနေ့တွင် အာရက္ခတပ်တော် (AA) ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။ ပို၍ စိုးရိမ်ဖွယ်ကောင်းသည်မှာ စစ်ရေးအရ သိမ်းပိုက်ထားခြင်းကို ကျော်လွန်ပြီး အုပ်ချုပ်ရေးနယ်မြေသစ်အဖြစ် သတ်မှတ်ခြင်း၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခြင်းနှင့် နောင်အနာဂတ် နယ်မြေအခြေအနေကို မြေပြင်ပေါ်တွင် ကြိုတင်ပုံဖော်နေခြင်း ဖြစ်သည်။
ဤသည်မှာ ချင်းလူမျိုးတို့အတွက် သာမန်နယ်မြေပြဿနာတစ်ခု မဟုတ်တော့ပေ။ မိမိတို့၏ ဌာနီမြေကို မိမိတို့မဆုံးဖြတ်နိုင်တော့မည့် အန္တရာယ်၏ အစ ဖြစ်လာနိုင်သည်။
ပလက်ဝကို ယနေ့ မြေပုံပေါ်မှသာ ကြည့်လျှင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ဒေသတို့ကြားရှိ မဟာဗျူဟာမြောက် မြစ်ဝှမ်းဒေသတစ်ခုအဖြစ်သာ မြင်ရမည်။ သို့သော် ချင်းတို့၏ သမိုင်းနှင့် နယ်မြေအုပ်ချုပ်ရေးအရ ကြည့်မည်ဆိုလျှင် ပလက်ဝသည် ချင်းပြည်နယ်၏ တောင်ဘက်အစွန်ဆုံး မြို့နယ်တစ်ခု ဖြစ်သည်။
ပလက်ဝသည် ကုလားတန်မြစ်ဝှမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသတွင် အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နီးကပ်သည့်အပြင် ရခိုင်ပြည်နယ်နှင့်လည်း ဆက်စပ်နေသည်။
ထိုအနေအထားကြောင့် ပလက်ဝသည် ချင်းတို့အတွက် နယ်မြေတစ်ခုသာမက အိန္ဒိယ–မြန်မာ–ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအတွက် မဟာဗျူဟာမြောက်သော တံခါးပေါက် ဖြစ်သည်။
ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကြောင့် ပလက်ဝ၏ တန်ဖိုးသည် ပို၍ ကြီးမားလာသည်။ ထို့ကြောင့် ပလက်ဝကို စစ်ရေးအရ ထိန်းချုပ်နိုင်သူသည် ရခိုင်နှင့် ချင်းကြားရှိ မြစ်ဝှမ်းဒေသတစ်ခုကိုသာ ကိုင်တွယ်ထားခြင်းမဟုတ်ဘဲ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာ့အနောက်ဘက်ဒေသတို့ကြား အရေးပါသည့် မဟာဗျူဟာနေရာတစ်ခုကိုလည်း ကိုင်တွယ်ထားနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ပလက်ဝအရေးသည် ချင်းတို့၏ နယ်မြေအရေးဖြစ်သကဲ့သို့ အနာဂတ်အာဏာခွဲဝေမှုနှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးတွင် မည်သူက မည်သည့်နယ်မြေကို ဆုံးဖြတ်မည်ဆိုသည့် မေးခွန်းလည်း ဖြစ်သည်။
(ပလက်ဝ၏ လူမျိုးရေးဖွဲ့စည်းပုံကိုလည်း တစ်ဖက်သတ် ရေးသား၍ မရပေ)
ပလက်ဝမြို့နယ်အတွင်း ခူမီးချင်းအပါအဝင် ချင်းလူမျိုးနွယ်စုများ အများအပြား အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရခိုင်လူမျိုးအနည်းငယ်လည်း နေထိုင်ကြသည်။ ထို့ကြောင့် ပလက်ဝကို “ရခိုင်မရှိသော ချင်းမြေ” ဟု ပြောခြင်းသည် မမှန်သကဲ့သို့ “ရခိုင်လူမျိုးများအနည်းငယ်နေထိုင်သောကြောင့် ရခိုင်မြေ” ဟု သတ်မှတ်ခြင်းလည်း မဖြစ်နိုင်ပေ။
ပလက်ဝတွင် ရခိုင်လူမျိုးများ နေထိုင်ခြင်းကို ချင်းတို့က ငြင်းပယ်ရန် မလိုသလို၊ ရခိုင်လူမျိုးများ နေထိုင်ခြင်းကို အကြောင်းပြုပြီး ချင်းပြည်နယ်၏ နယ်မြေတစ်ခုကို တစ်ဖက်သတ် အုပ်ချုပ်ရေးအရ ပြန်လည်သတ်မှတ်ခြင်း ကိုလည်း လက်ခံ ၍ မဖြစ်နိုင်။
- ( ၂၀၂၄ — ပလက်ဝ၏ အာဏာချိန်ခွင် ပြောင်းသွားသည့်နှစ် )
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ AA သည် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးများ ပြင်းထန်စွာ ဆင်နွှဲခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီထံမှ ထိန်းချုပ်နိုင်ခဲ့သည်ဟု AA က ကြေညာခဲ့သည်။ စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာတွင် AA ၏ စစ်ရေးအောင်မြင်မှုသည် အငြင်းပွားစရာမဟုတ်ပေ။
သို့သော် ပြဿနာက ထိုနေရာတွင် မပြီးဆုံးခဲ့ပါ ။ စစ်ကောင်စီကို တိုက်ထုတ်နိုင်ခြင်းနှင့် သိမ်းပိုက်ထားသော နယ်မြေကို မိမိပိုင်နက်အဖြစ် အပြီးသတ်သတ်မှတ်လာနိုင်သည့် အန္တရာယ် စိန်ခေါ်မှု ချင်းလူမျိုးများ ကြုံဆုံလာရသည်။
စစ်အာဏာရှင်ကို တိုက်ဖျက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုသည် အခြားတိုင်းရင်းသားတစ်စု၏ နယ်မြေကို စစ်ရေးအင်အားဖြင့် ထိန်းချုပ်ပြီးနောက် “ယခုမှစ၍ ဤမြေသည် ငါတို့၏ အုပ်ချုပ်ရေးနယ်မြေ” ဟု တစ်ဖက်သတ် ဆုံးဖြတ်မည်ဆိုလျှင် ထိုလုပ်ရပ်သည် တော်လှန်ရေး၏ မူလရည်ရွယ်ချက်နှင့်ပင် ဆန့်ကျင်သွားနိုင်သည်။ အာဏာရှင်ကို တိုက်ဖျက်နေသည်ဆိုပြီး နယ်မြေအာဏာရှင်စနစ်အသစ် မတည်ဆောက်သင့်ပါ။
- ၂၀၂၅ — စစ်ရေးသိမ်းပိုက်မှုမှ အုပ်ချုပ်ရေးသိမ်းပိုက်မှုသို့
( အခြေအနေ ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာသည်မှာ ၂၀၂၅ ခုနှစ် ဖြစ်သည်။ )
AA/ULA ဘက်က ပလက်ဝကို ၎င်းတို့၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံအတွင်း ခရိုင်အဆင့်သို့ မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည်။ AA ဘက်ကလည်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အုပ်ချုပ်ရေးအောက်တွင် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။- ဒီနေရာမှာ မေးသင့်တဲ့ မေးခွန်းတစ်ခုရှိသည်
“ပလက်ဝကို ဘယ်သူက စစ်တိုက်ပြီး သိမ်းခဲ့သလဲ” သို မဟုတ်။
“ပလက်ဝရဲ့ အနာဂတ်ကို ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိသလဲ” ဖြစ်သည်။
AA က စစ်ရေးအရ အနိုင်ရခဲ့သည်။သို့သော် စစ်ရေးအောင်မြင်မှုသည် နိုင်ငံရေးတရားဝင်မှု မဟုတ်ပါ။ သေနတ်ဖြင့် အနိုင်ရခြင်းသည် ပြည်သူ့သဘောတူညီချက် မဟုတ်ပါ။ စစ်တပ်တစ်ခု၏ အလံကို တင်နိုင်ခြင်းသည် ထိုမြေ၏ သမိုင်းကို ပြန်ရေးနိုင်သည့် အခွင့်အရေး မဟုတ်ပါ။
- ချင်းအဖွဲ့အစည်းများက အဘယ်ကြောင့် ကန့်ကွက်ကြသနည်း??
၂၀၂၅ ခုနှစ်တွင် AA ၏ ပလက်ဝအုပ်ချုပ်ရေးနှင့် ခရိုင်အဆင့်သတ်မှတ်မှုအပေါ် ချင်းအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ပလက်ဝဒေသခံ လူမျိုးနွယ်စု အဖွဲ့များဖြစ်သည့် Interim Khumi Affairs Coordination Council၊ Chin Civic Movement၊ Global Khumi Organization နှင့် Global Khumi Youth Association စသည့် အဖွဲ့များက AA ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ရပ်ကို လက်မခံကြောင်း ထုတ်ဖော်ခဲ့ကြသည်။ အချို့က ဒေသခံချင်းလူထု၏ သဘောတူညီချက်မရှိဘဲ အုပ်ချုပ်ရေးစနစ် ချမှတ်ခြင်းကို “ကိုလိုနီဆန်သော” လုပ်ရပ်အဖြစ်ပင် ဝေဖန်ခဲ့ကြသည်။
ဤကန့်ကွက်မှုသည် ရခိုင်လူမျိုးကို မုန်းတီးခြင်း မဟုတ်ပေ။ မိမိတို့၏ နယ်မြေအနာဂတ်ကို မိမိတို့၏ သဘောထားမပါဘဲ တစ်ဖက်သတ် ဆုံးဖြတ်ခြင်းကို ကန့်ကွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရေးကို လူမျိုးရေးအမုန်းတရားအဖြစ် ပြောင်းလဲမပစ်သင့်ပေ။- ပြဿနာ၏ အဓိကအချက်မှာ—
“ဘယ်လူမျိုးက ပိုကြီးသလဲ” မဟုတ်ပါ ။ “ဘယ်လူမျိုးက ဒီမြေကို ဆုံးဖြတ်ခွင့်ရှိသလဲ” ဖြစ်သည်။
အန္တရာယ်သည် မြေပုံပြောင်းခြင်းထက် ပိုကြီးသည်။ ချင်းတို့အတွက် အမှန်တကယ် စိုးရိမ်ရမည့်အရာမှာ ယနေ့ မြေပုံပေါ်တွင် “ပလက်ဝ” ဟူသော အမည် ပျောက်သွားခြင်း မဟုတ်ပါ။
– အုပ်ချုပ်ရေးပြောင်းသည်။
– အုပ်ချုပ်ရေးအဖွဲ့ ပြောင်းသည်။
– ကျောင်းပညာရေးစနစ် ပြောင်းသည်။
– တရားစီရင်ရေး ပြောင်းသည်။
– လုံခြုံရေးစနစ် ပြောင်းသည်။
- လူငယ်များ၏ အနာဂတ် ပြောင်းသည်။
- ထိုအရာများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပါက နောင်တစ်ချိန်တွင် “ဒီမြေက မူလက ဘယ်သူတွေရဲ့ မြေလဲ” ဆိုသည့် မေးခွန်းကိုပင် မျိုးဆက်သစ်များက ပြန်မေးရနိုင်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် ပလက်ဝ၏ လူဦးရေ ထက်ဝက်ခန့်ဖြစ်သည့် လူပေါင်း ၅၀,၀၀၀ ကျော် စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရသည်။ ထိုသို့ လူဦးရေအများအပြား နေရပ်စွန့်ခွာရခြင်းသည် ပလက်ဝ၏ လူမှုစီးပွားရေးအနာဂတ်ကိုသာမက လူဦးရေဖွဲ့စည်းပုံကိုပါ ရေရှည်သက်ရောက်စေနိုင်သည်။
၂၀၂၆ ခုနှစ်တွင်လည်း ပလက်ဝရှိ AA စစ်ဆေးရေးဂိတ်များတွင် ကုန်သည်များနှင့် လူငယ်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုသို့ ပို့ဆောင်ခံရသည်ဟု ဒေသခံများ၏ ပြောဆိုချက်များကို ကြားသိနေရသည်။
ဒီလို ပလက်ဝမှာ ချင်းလူငယ်တွေ မနေနိုင်တော့ဘူးဆိုလျှက် ၊ ပလက်ဝရဲ့ အနာဂတ်ကို ဘယ်သူက ဆက်တည်ဆောက်မလဲ။ ချင်းလူမျိုးတို့ မျက်စိမှိတ်နေလို့ မရတော့ပေ။
ချင်းနိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့် ပလက်ဝအရေးကို “နောက်မှ ဆွေးနွေးမယ်” ဟူ၍ ရွှေ့ဆိုင်းထားလို့ မရတော့ပါ။ ဘာကြောင့်လဲဆိုတော့ နယ်မြေတစ်ခု၏ အနာဂတ်ကို စာရွက်ပေါ်တွင်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ မြေပြင်ပေါ်တွင် အုပ်ချုပ်ရေးယန္တရားတည်ဆောက်ပြီး အချိန်နှင့်အမျှ အမြစ်တွယ်စေခြင်း ဖြင့်လည်း ဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်။
ယနေ့ AA ၏ အုပ်ချုပ်ရေးယန္တရား ပေါ်လာသည်။ မနက်ဖြန် ထိုအုပ်ချုပ်ရေးသည် ပုံမှန်အုပ်ချုပ်ရေးဖြစ်လာနိုင်သည်။ နောက်တစ်နေ့တွင် လူများက ထိုအခြေအနေကို “မူလကတည်းက ဒီလိုပဲ” ဟု ထင်မြင်လာနိုင်သည်။ အဲဒီအချိန်ရောက်မှ ကန့်ကွက်လျှင် နောက်ကျသွားနိုင်သည်။ နိုင်ငံရေးတွင် အချိန်ဆွဲခြင်းသည် တစ်ခါတစ်ရံတွင် အရှုံးကို လက်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ချင်းလူမျိုးများအတွက် ယခုအချိန်သည် စိတ်ခံစားချက်ဖြင့် အော်ဟစ်နေမည့်အချိန် မဟုတ်တော့ပါ။ စည်းရုံးရမည့်အချိန်၊ နိုင်ငံရေးအရ တစ်သံတည်း ပြောရမည့်အချိန်၊ ဆွေးနွေးရမည့်အချိန်ဖြစ်သည်။
ချင်းအဖွဲ့အစည်းများအနေဖြင့် ပလက်ဝ၏ သမိုင်း၊ လူဦးရေ၊ လူမျိုးစုများ၊ အုပ်ချုပ်ရေးနယ်နိမိတ်နှင့် ဒေသခံပြည်သူများ၏ သဘောထားများကို နိုင်ငံတကာအဆင့်အထိ အထောက်အထားခိုင်ခိုင်မာမာဖြင့် တင်ပြနိုင်ရမည်။
ပလက်ဝအရေးကို ချင်းအမျိုးသားရေးအဖွဲ့အစည်းများကြား အငြင်းပွားမှုအဖြစ် မထားဘဲ ဘုံနိုင်ငံရေးရပ်တည်ချက် တစ်ခု ဖော်ထုတ်ရမည်။ ထို့ထက်အရေးကြီးသည်မှာ ရခိုင်လူထုနှင့် ချင်းလူထုကြား လူမျိုးရေးပဋိပက္ခ မဖြစ်ပေါ်စေရန် နိုင်ငံရေးအရ တာဝန်ယူနိုင်ရမည်ဖြစ်သည်။
ပလက်ဝကို ကာကွယ်ရန် ရခိုင်လူမျိုးကို ရန်သူအဖြစ် သတ်မှတ်ရန် မလိုအပ်သလို၊ ရခိုင်တို့၏ အမျိုးသားရေးရည်မှန်းချက်ကို အသိအမှတ်ပြုရန်အတွက် ချင်းတို့၏ နယ်မြေအခွင့်အရေးကို စွန့်လွှတ်ရန်လည်း မလိုအပ်သောကြောင့် ဖြစ်သည်။
ယနေ့ ပလက်ဝသည် AA ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဒါသည် အမှန်တရားဖြစ်ပြီး သို့သော် လက်ရှိထိန်းချုပ်ထားခြင်းသည် အနာဂတ်ပိုင်ဆိုင်မှု၏ နောက်ဆုံးအဖြေ မဟုတ်သေးပါ။
ချင်းပြည်နယ်၏ တရားဝင်အုပ်ချုပ်ရေးနယ်မြေထဲတွင် ပလက်ဝ၏ အနေအထားသည် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး၊ AA/ULA ၏ “ပလက်ဝခရိုင်” သတ်မှတ်မှုသည် ၎င်းတို့၏ လက်တွေ့အုပ်ချုပ်ရေးဖွဲ့စည်းပုံအတွင်း ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုလုပ်ရပ်ကို ချင်းအဖွဲ့အစည်းများက လက်မခံကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ထားကြပြီးဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရန် များစွာ ရှိနေသေးသည်။ ပလက်ဝအရေး၏ နောက်ဆုံးအဖြေကို သေနတ်က မရေးသင့်ပါ။ AA ၏ သေနတ်ကလည်း မရေးသင့် သလို စစ်ကောင်စီ၏ သေနတ်ကလည်း မရေးသင့် ၊ မည်သည့်လက်နက်ကိုင်အဖွဲ့၏ စစ်ရေးအင်အားကမျှ မရေးသင့်ပါ။
ပလက်ဝ၏ နောက်ဆုံးအနာဂတ်ကို ပလက်ဝဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောတူညီချက်၊ တန်းတူညီမျှမှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့က ရေးရမည်ဖြစ်သည်။
ပလက်ဝမြေ ပျောက်သွားခြင်းသည် မြေပုံတစ်ချပ် ပျောက်သွားခြင်း မဟုတ်၊ ပလက်ဝ၏ သမိုင်း၊ ပလက်ဝ၏ လူငယ်၊ ပလက်ဝ၏ အနာဂတ်နှင့် ချင်းတို့၏ နယ်မြေအမှတ်အသား ပျောက်သွားခြင်း ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။

