Headlines

ဇနီးဟောင်းကို ဓားထိုးသတ်ခဲ့တဲ့ ချင်းအမျိုးသားကို မလေးရှားတရားရုံးမှာ တရားစွဲဆိုလိုက်ပြီလို့ သိရ

မေလ ၆ ရက်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇနီးဟောင်းကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ချင်းအမျိုးသားကို ဒေသန္တရတရားရုံးမှာ မေလ ၅ ရက်နေ့မှာ တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့က Wangsa Maju ရှိ Taman Setapak Indah Jaya ကွန်ဒိုမီနီယမ်အဆောက်အအုံရှေ့မှာ အသက် ၂၆ နှစ်အရွယ် ချင်းအမျိုးသား အောင်ထွန်းငွါ က အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသူ မယ်ရီယက်ငွါ (Merry Yet Ngwa) ကို ဓားနဲ့ထိုးပြီး သတ်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားပြီး သိပ်မကြာခင်ပဲ မလေးရှားရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူကို တရားသူကြီး Nurul Izzah Hasan Basri ရှေ့မှာ စွဲချက်တွေကို ဖတ်ပြတဲ့အခါ နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။

မလေးရှားနိုင်ငံမှာ လူသတ်မှုတွေကို အထက်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ရှိတာကြောင့် တရားခံဆီကနေ အပြစ်ရှိမရှိ ဝန်ခံချက်ကိုတော့ မှတ်တမ်းမတင်ရသေးဘူးလို့လည်း သိရပါတယ်။

လက်ရှိ သူ့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ တရားစွဲထားပြီး ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် အနည်းဆုံး နှစ် ၃၀ ကနေ အနှစ် ၄၀ အထိ နဲ့ အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

အမှုနဲ့ ပက်သက်ပြီး ပြန်လည်ကြားနာဖို့အတွက် တရားရုံးက လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ ပြန်လည်ချိန်းဆိုထားကာ အစိုးရရှေ့နေအဖြစ် ရဲအရာရှိတစ်ဦးက ဆောင်ရွက်ပြီး တရားခံဘက်မှာတော့ ရှေ့နေလိုက်ပေးမဲ့သူ မရှိသေးဘူးလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *