
ဧပြီလ ၃၀ ရက်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှု အားဖြင့် ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းသား / သူ ၁၅၀၈ ဦး ပြန်လွတ်ငြိမ်းပေးတဲ့အထဲ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ အကျဉ်းသား ၃ ယောက်လွတ်လာတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားအရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ ၃ ယောက်လွတ်လာတယ် ၊ လွတ်လာတဲ့ထဲ နိုင်ငံရေးအကျဉ်းသူ / အကျဉ်းသားတော့ မပါဘူး” လို့ ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန် တို့အတွက် အကျဉ်းထောင်၊ အချုပ်ထောင် ၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/ သူ ၁၅၀၈ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ ‘နောက်ထပ်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် ယခုကျခံရန် ကျန်တဲ့ ပြစ်ဒဏ်တွေပါ ဆက်လက်ကျခံမယ်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် အမိန့်ဖြင့် ဒီကနေ့ မနက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုတဲ့အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းအားဖြင့်လည်းကောင်း အကျဉ်းထောင် ၊ အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ နိုင်ငံခြားသား၊ အကျဉ်းသား / သူ ၁၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

