
DonBosco
စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်မှာ အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ သူတို့အတွက်တော့ နိုင်ငံရေးအရ အသက်ရှူချောင်ရာလမ်း ဒါမှမဟုတ် တရားဝင်မှုရှာပုံတော်တစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ လပိုင်းအကြာ ၂၀၂၆ ခုနှစ်ထဲမှာပဲ ချင်းပြည်နယ်ရဲ့ အခြေအနေဟာ တည်ငြိမ်မလာဘဲ ပိုပြီးပြင်းထန်တဲ့ စစ်ရေးတိုက်ပွဲတွေကြားကို ပြန်ရောက်သွားခဲ့ပါတယ်။
ဒါဟာ ရွေးကောက်ပွဲကနေတစ်ဆင့် တည်ငြိမ်မှုရအောင် လုပ်မယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးစီမံကိန်း ပျက်ပြားသွားတာကို ပြနေသလို၊ လက်နက်အားကိုးနဲ့ နယ်မြေပြန်သိမ်းမယ်ဆိုတဲ့ စစ်ရေးနည်းလမ်းဆီကိုပဲ အရှိန်အဟုန်နဲ့ ပြန်လှည့်လာတာကို ပေါ်လွင်စေပါတယ်။
တကယ်တော့ စစ်ကော်မရှင်က တစ်နိုင်ငံလုံးမှာ မဲပေးသူ ၂၄ သန်းကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ပြီး တည်ငြိမ်နေသယောင် ဝါဒဖြန့်ခဲ့တာပါ။ ဒါပေမဲ့ မြေပြင်မှာတော့ တက္ကသိုလ်ကျောင်းသားတွေကို ကြိုတင်မဲပေးမှ ကျောင်းအပ်လက်ခံတာမျိုး၊ အစိုးရဝန်ထမ်း၊ တပ်နဲ့ ရဲမိသားစုဝင်တွေကို အတင်းအဓမ္မ ဖိအားပေးတာမျိုးတွေနဲ့ ရယူထားတဲ့ “မသမာမဲ” တွေ ဖြစ်နေတယ်ဆိုတာ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အနက် ၇ မြို့နယ်မှာ ရွေးကောက်ပွဲ လုံးဝမလုပ်နိုင်ခဲ့သလို၊ လုပ်နိုင်ခဲ့တဲ့ ဟားခါးမြို့မှာတောင် မဲပေးသူနှုန်းက ၈၅.၆ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတာကြောင့် လူထုက လုံးဝလက်မခံဘူးဆိုတာ ရှင်းနေပါတယ်။
ဒီလိုနဲ့ အာဏာသိမ်စစ်ကော်မရှင်ဟာ ၂၀၂၆ ခုနှစ် ဧပြီလဆန်းမှာ နေပြည်တော်မှာ ပြည်ထောင်စုအစိုးရသစ်ဖွဲ့စည်းပြီး ဧပြီလ ၆ ရက်မှာ ဟားခါးမြို့၌ ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူပြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဝုန်ဆွင်းထန်ကို ဆက်ခန့်ကာ ဝန်ကြီးဌာန ၇ ခုနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီအစိုးရဟာ အုပ်ချုပ်ရေးအာဏာ မရှိတဲ့အပြင် ရွေးကောက်ပွဲပြီးမှ ချင်းပြည်နယ်က ၇ မြို့နယ်အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ရက်ပေါင်း ၉၀ ထပ်တိုးလိုက်ရကာ လေကြောင်းကို ဖိသုံးပြီး စစ်ရေးအရ အပြင်းအထန် ထိုးစစ်ဆင်မှုတွေကို လုပ်ဆောင်လာနေတာ သက်သေပဲ ဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ ၃ လတာကာလအတွင်းမှာ စစ်ကော်မရှင်တပ်က ချင်းပြည်နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၃ ကြိမ်အထိ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့တဲ့အပြင် အဆောက်အအုံ ၈၈ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ် ။
နိုင်ငံရေးအရ ထွက်ပေါက်မပွင့်တဲ့အခါ စစ်ကော်မရှင်ဟာ သူတို့အသုံးပြုနေကျ စစ်ရေးနည်းလမ်းကိုပဲ အသည်းအသန် ပြန်သုံးလာပါတယ်။ အရင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေများနေလို့ အင်အားမခွဲနိုင်ခဲ့ပေမဲ့ အခုတော့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက တော်လှန်ရေးအင်အားစုအချို့ လမ်းကြောင်းသွေဖည်လာတာနဲ့ အချင်းချင်း ပဋိပက္ခဖြစ်တာတွေကို အခွင့်ကောင်းယူပြီး စစ်ကော်မရှင်က ချင်းတောင်တန်းကို အင်အားအလုံးအရင်း၊ လေကြောင်းအကူအညီတွေနဲ့ သီးသန့်ကွက်ပြီး ဖိတိုက်လာနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဧပြီလအထိ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ယခင်နှစ်တွေထက် ပိုမိုစိပ်လာပြီး စစ်ကော်မရှင်ရဲ့ “စစ်ရေးနည်းလမ်းဖြင့် ပြန်လည်ထိန်းချုပ်ခြင်း” ဗျူဟာမှာ အဓိကလက်နက် ဖြစ်လာပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်မှာ ချင်းပြည်နယ်မြောက်ပိုင်းရဲ့ အချက်အခြာဖြစ်တဲ့ ဖလမ်းမြို့ကို စစ်ကော်မရှင်က အပြင်းအထန် ထိုးစစ်ဆင်ပြီး ပြန်သိမ်းနိုင်ခဲ့တာဟာ တော်လှန်ရေးအတွက် ဆုံးရှုံးမှုဖြစ်သလို၊ ချင်းပြည်နယ်ရဲ့ တစ်ခုတည်းသော ဆူရ်ဘုန်လေဆိပ်ကို စစ်ကော်မရှင်က ပြန်ရသွားတာဟာ စစ်ရေးထောက်ပို့လမ်းကြောင်း အသာစီးရသွားစေလို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။
အခုဆိုရင် ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ဟာလည်း ဒုတိယမြောက် ပစ်မှတ်ဖြစ်လာပါပြီ။ ဧပြီလ ၂၇ ရက်က မင်းတပ်နဲ့ ၁၀ မိုင်ကျော်ဝန်းကျင်ပဲဝေးတဲ့ ကံကြီးရွာမှာ စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်နဲ့ တပ်စွဲထားသလို၊ ဧပြီလ ၂၉ ရက် နံနက်ပိုင်းမှာလည်း ကျင်ဒွေးမြို့အတွင်းရှိ နေရာတစ်ခုကို တံတားဦးအခြေစိုက် လေတပ်စခန်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း အစပ်ဒေသဖြစ်တဲ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာသို့ အင်အား ၂၀၀ ခန့်ပါဝင်တဲ့ စစ်ကော်မရှင်စစ်ကြောင်း ရောက်ရှိလာခြင်းကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေရှိကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ မင်းတပ်မြို့သို့ တိုက်ရိုက်ဦးတည်ခြင်း မဟုတ်သေးသော်လည်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ ခုခံစစ်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီး ရရှိပြီးသားနယ်မြေများ ပြန်လည်လက်မလွှတ်ရရေးအတွက် အကောင်းဆုံးတုံ့ပြန်သွားမယ်လို့ CPU/CPA က ဆိုထားပါတယ်။
တစ်ဖက်မှာလည်း ဖလမ်းမြို့နယ်အတွင်းရှိ ခွန်လုံးကျေးရွာအနီးကို ဧပြီလ ၂၈ ရက် ညသန်းခေါင်ယံအချိန်မှာ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်ဟာ လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုပြီး စစ်ဆင်ရေးတွေ တိုးမြှင့်နေတာ တွေ့ရပါတယ်။
ဖလမ်း-ဟားခါး လမ်းပိုင်းရှိ ရီလ်သီးကျေးရွာအနီးမှာ ဧပြီလ ၂၈ ရက်က စစ်ကော်မရှင်တပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာတဲ့ စစ်ကော်မရှင်စစ်ကြောင်းအချို့ သီးလီရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်ဟာ ကလေးမြို့အခြေစိုက် ခလရ (၂၂၈) တပ်ရင်းမှ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို ဗါရ်းစခန်းသို့ ထပ်မံဖြည့်တင်းလာနေသလို CNA ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့နဲ့ ရိခေါဒါရ်လမ်းပိုင်းမှာ စစ်မျက်နှာသစ်တွေ ဖွင့်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။
အရင်က ဖလမ်းမြို့ကို အင်အား ၈၀၀ ကျော်နဲ့ ထိုးစစ်ဆင်တာကို စုပေါင်းအားနဲ့ တွန်းလှန်နိုင်ခဲ့ပေမဲ့ အခုတစ်ကြိမ်မှာတော့ စည်းလုံးညီညွတ်မှုက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ CNDF တို့က သိမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ချင်းပြည်အစိုးရ (Chinland Council) က ဝင်ထိန်းခဲ့တဲ့ ဖြစ်စဉ်တွေဟာ အဖွဲ့အစည်းကြား မသင့်မြတ်မှုတွေရဲ့ အကျိုးဆက်ကြောင့် ပူးပေါင်းမှုဟာ ယခင်ကကဲ့သို့ မဟုတ်တော့ဘူးဆိုတာ ထင်ရှားပါတယ်။
ဒါ့အပြင် ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ ဇိုဂမ်နယ်မြေအတွင်း ပြင်ပအဖွဲ့တွေ လှုပ်ရှားခွင့်မပြုဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေဟာလည်း စစ်ကော်မရှင်အတွက် နယ်မြေပြန်စိုးမိုးဖို့ အခွင့်အလမ်း ဖြစ်သွားစေနိုင်ပါတယ်။
ခြုံပြီးပြောရရင် စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ ထွက်ပေါက်ဖြစ်မလာဘဲ မြေပြင်မှာ စစ်ပွဲလှိုင်းတွေကိုပဲ ပိုကြီးစေခဲ့ပါတယ်။ ရွေးကောက်ပွဲကနေ တည်ငြိမ်မှုရအောင်လုပ်တာ ပျက်သွားတဲ့အတွက် စစ်ကော်မရှင်ဟာ မြို့သိမ်းတိုက်ပွဲတွေနဲ့ နယ်မြေပြန်စိုးမိုးရေးကိုပဲ အားစိုက်လာနေပါတယ်။
၅ နှစ်တာ တူမီးတော်လှန်ရေးကနေ စခဲ့တဲ့ ချင်းတောင်တန်းရဲ့ ခုခံစစ်ဟာ အခုတော့ တော်လှန်ရေးညီညွတ်မှု အခင်းအကျင်းနဲ့ စစ်ကော်မရှင်ရဲ့ စုပြုံထိုးစစ်ဗျူဟာကြားမှာ အရမ်းအရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

