
ဧပြီလ ၂၁ ရက်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ် အယုံအကြည် မရှိနိုင်တဲ့အကြောင်း ချင်းအမျိုးသားတပ်ဦး ( CNF )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က မနေ့ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။
ချင်းအမျိုးသားတပ်ဦး ( CNF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မင်းအောင်လှိုင်ဟာ NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်နေတာဆိုတော့ ဒုံယင်းပဲဖြစ်မှာပါ၊ ဆိုတော့ ကျနော်တို့အနေနဲ့ သဘောထားပေးစရာလည်းမရှိပါဘူး အယုံအကြည် မရှိနိုင်တာပါ ၊ NCA ကို ချိုးဖောက်ထားပြီး ပြန်လည် အသက်သွင်းနေကိုက ယုံကြည်လို့မရဘူး” လို့ပြောပါတယ်။
NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေ အားလုံးကို ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေ ထည့်သွင်းပြောကြားခဲ့ရာမှာ CNF က အခုလို တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စပ်ရေး(NCA)စာချုပ်မှာ CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း အာဏာသိမ်း စစ်တပ်နဲ့ NCA ထိုးထားတဲ့ CNF နဲ့တချို့အဖွဲ့တွေက တိုက်ပွဲတွေဆက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ တွေကိုလည်း အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ အတွင်း အလင်းဝင်ကြဖို့နဲ့ အသုံးချမခံရအောင် နေကြဖို့ကိုလည်း အာဏာသိမ်းသမ္မတက မနေ့က ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

