Headlines

စစ်ကော်မရှင်တပ်ဟာ အင်အားရာချီနဲ့ ဖလမ်းမြို့နားက ဗားရ်တံတားကို ရောက်လာပြီလို့ဆို

ဧပြီလ ၂၀ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးလာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာ ဖလမ်းမြို့နဲ့ ၁၀မိုင်ခန့်အကွာမှာရှိတဲ့ ဗားရ်တံတားကို ရောက်လာပြီး ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ဦးတည်ပြီး အင်အား ၆၀၀ – ၈၀၀ ဝန်းကျင်းဖြင့် အင်အားဖြန့်ပြီး စစ်ကြောင်းထိုးလာနေတယ်လို့ ဖလမ်းမြို့နယ်မှာ အဓိက စစ် ရေးလှုပ်ရှား နေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

CNO / CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဗားရ်တံတား ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်ရှိပါတယ် အဲဒီဟာကို စစ်ကြောင်းပြန်ခွဲပြီးမှ ဖလမ်းကို Khungli ဘက်မှာရှိပြီးသားဟာနဲ့ ဒီဘက် အလယ် သိုင်ငင်းဘက်ကနေ ဖေဖော်ဝါရီလလောက်က လာတဲ့ စစ်ကြောင်းတွေ ပြန်ဖြန့်ပြီးမှ အခုဆိုရင် စစ်ကြောင်းထိုးတဲ့ဟာက ဘယ်လောက်တောင်ရှိမလဲဆိုတာ ကျနော် မပြောတတ်ဘူး အင်အား ၆၀၀ – ၈၀၀ ကြားရှိတဲ့ ဟာက ပြန်ဖြန့်ပြီးမှ ဖလမ်းဘက် ဆူရ်ဘုန်လေဆိပ်ကို ဦးတည်ပြီးတော့ စစ်ကြောင်းပြန်လုပ်နေတယ်” လို့ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စတင်ပြီး ကလေး -ဝေဘူလ ဘက်ကနေ တစ်ကြောင်း၊ ကလေး – သိုင်းငင်းဘက်ကနေ တစ်ကြောင်း စစ်ကြောင်းထိုးလာပြီး ဖလမ်းမြို့နဲ့ ၁၃ မိုင် ၊ ၁၅ မိုင် လောက်အကွာမှာရှိတဲ့ Khungli ရွာ၊ Sumhrang ရွာတွေမှာ ခြေကုတ်ယူပြီး နောက်ပိုင်း ၂၀၂၆ ဖေဖော်ဝါရီလလောက်မှာ သိုင်ငင်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ ဗားရ်တံတားဘက်ကို ဦးတည်လာခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ တဖြည်းဖြည်းကပ်လာပြီး မနေ့ ဧပြီလ ၁၉ ရက်နေ့မှာ ဗာရ်းကိုကျော်လာတာဖြစ်တယ်လို့လည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO / CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး မနေ့ည ၁၁ နာရီခွဲဝန်းကျင်တွင်လည်း ဖလမ်းမြို့တွင်း တနေရာကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီကနေ့ မနက်ပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *