Headlines

မီဇိုရမ်ပြည်နယ်တွင်းရှိ စစ်ရှောင်များ၏ ဇီ၀ဆိုင်ရာအချက်အလက်ကောက်ယူမှု ၉၃ ရာခိုင်နှုန်းပြီးစီး

ဖေဖော်၀ါရီလ ၂၄ ရက်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူမှု ၉၃ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း မကြာခင် အပြီးသတ်နိုင်ဖို့ အာဏာပိုင်တွေက ရည်မှန်းထားတယ်လို့ ဖေဖော်၀ါရီလ ၂၃ ရက်နေ့က India Today သတင်းဌာနမှာဖော်ပြပါတယ်။

ပြည်ထဲရေးဝန်ကြီး K. Sapdanga က “ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နေတဲ့ ဒီ Biometric ကောက်ယူမှုဟာ အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ စာရင်းတွေအရ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric ကောက်ယူမှု ၉၃ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ကျန်နေတဲ့ အပိုင်းတွေကိုလည်း အမြန်ဆုံး အပြီးသတ်နိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက စစ်ဘေးရှောင်တွေအပြင် အိမ်နီးချင်း မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs) စုစုပေါင်း ၃၈,၀၅၉ ဦး ခိုလှုံနေကြပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေဟာ ၂၈,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ၁၁ ခုလုံးမှာ ပျံ့နှံ့နေထိုင်နေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကတော့ ၂,၃၀၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန်အထိ ၁၃ ရာခိုင်နှုန်းပဲ Biometric ကောက်ယူနိုင်သေးတယ်လို့ သိရပါတယ်။

နိုင်ငံခြားသားများ အမှတ်အသားပြုစနစ် (Foreigners Identification Portal) နဲ့ Biometric ကောက်ယူမှုတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဇူလိုင်လကုန်ပိုင်းကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ အချက်အလက်ကောက်ယူရတာက ပိုပြီးလွယ်ကူပေမဲ့ ရပ်ကွက်အသီးသီးက အိမ်ငှားတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဆီ သွားရောက်ဖို့ကျတော့ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ တာဝန်ရှိသူတွေက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် အဝေးက ရွာတွေမှာဆိုရင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ အင်တာနက်လိုင်း မကောင်းတာတွေကြောင့် အချို့ခရိုင်တွေမှာ လုပ်ငန်းကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေပေမဲ့လည်း စစ်ဘေးရှောင်လူဦးရေအားလုံးကို စာရင်းသွင်းနိုင်အောင် အာဏာပိုင်တွေက ဆက်လက် တွန်းအားပေး ဆောင်ရွက်နေတာပါ။

မီဇိုရမ်ပြည်နယ်ဟာ အရှေ့ဘက်မှာ မြန်မာနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ကီလိုမီတာ ၅၁၀၊ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ၃၁၈ ကီလိုမီတာ ထိစပ်နေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းလူမျိုး အများအပြားဟာ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာစစ်ဘေးရှောင်တွေဟာ အဝင်အထွက် အမြဲရှိနေတာကြောင့် အရေအတွက် အပြောင်းအလဲရှိနိုင်ပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ စာရင်းသွင်းသင့်သူအားလုံးကို Biometric စနစ်ထဲ ထည့်သွင်းနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ တာဝန်ရှိသူတွေက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *