
ဇန်န၀ါရီလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ကနေ တမူးခရိုင်၊ခမ်းပတ်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၈ ကီလိုကျော်ကို အာဏာသိမ်း စစ်ကော်မရှင် လက်အောင်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ ကလေးဝ – မော်လိုက် သွားကားလမ်း နန်းမော်ကယ်ကျေးရွာ အနီးမှာ မော်လိုက်မြို့နယ် ၊ နန်းခမ်းပါတ်သစ်တောကြိုးဝိုင်း၊ ပျဉ်းကတိုးစိုက်ခင်းနေ ကျော်ဇင်လင်း (ခ) မောင်ကောင်း (၂၆) နှစ် မောင်းနှင်လာတဲ့ မော်တော်ယာဉ် ကို သတင်းရလို့ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှာ ကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၂၅ ဘီလီယံ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၈ ဒသမ ၅ ကီလိုကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူတွေကို သယ်ဆောင်ခိုင်းသူဟာ တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ဖိုးကျော် နဲ့ ပူးပေါင်းပါဝင်သူ ဖိုးသား တို့ဖြစ်ပြီး ကလေးဝမြို့နယ်ကနေ ခမ်းပတ်မြို့ကို သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရပြီး ၎င်းတို့ ၂ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ် ၊ ခမ်းပတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နှစ်ကုန်ပိုင်းလောက်မှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားဆဲ မြို့လည်း ဖြစ်ပါတယ်။

