
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုက်ရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် ပါတီ ၃ ပါတီကို မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မနေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့ပေါ် ရပ်ကွက် ( ၈) ခုမှာ မဲရုံ (၁၂) ရုံ ထားရှိကာ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း ရရှိတဲ့ မဲအရေအတွက် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းရရှိတဲ့ မဲအရေအတွက် နဲ့ ပြည်သူ့လွှတ်တော် နေရာများအတွက် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ယှဉ်ပြိုင်တဲ့ ကိုယ်စားတွေက မဲထောင်ချီနဲ့ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိတာတွေ့ရပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်းမဲရရှိမှုတွင် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါက်တာဝုန်ဆွန်းထန်က မဲ ၂၀၆၉ မဲ ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဦးလျန်ကျဲအိုက ၇၆၇ မဲ ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲအရေအတွက်စုစုပေါင်း မှာလည်း ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးထလာထန်းက မဲစုစုပေါင်း ၂၄၄၆ မဲ ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးမျိုးသူရလင်းက စုစုပေါင်း ၃၈၁ မဲ ရရှိခဲ့တာတွေ့ရပါတယ်။
အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမှာလည်း ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂၀၀၆ မဲ ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဦးရိုဘင် က ၅၉၅ မဲ ၊ ခူမီးအမျိုးသားပါတီက ဦးကံလင်းက ၂၃၁ မဲ ရရှိတာတွေ့ရပါတယ်။
မနေ့က ဟားခါးမြို့မှာ စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေသခံပြည်သူအများစုဟာ အိမ်ပြင်ထွက်ပြီး မဲပေးသူ မရှိသလောက်အခြေအနေဖြစ်တယ်လို့ ဟားခါးမြို့နေ ဒေသခံတစ်ဦးကပြောပါတယ်။
ဟားခါးမြို့နေဒေသခံတစ်ဦးက “ မနေ့က တနင်္ဂနွေနေ့မှာတောင် ဘုရားကျောင်းသွားတာတွေ တောင်မရှိကြဘူး အမှုတော်ဆောင်တွေလောက်ပဲ ဘုရားကျောင်းသွားကြတယ် အများစုက အိမ်အပြင်တောင် မထွက်ကြဘူး မဲပေးကြတဲ့သူတွေကလည်း သူတို့နဲ့ နီးစပ်သူ အနည်းစုနဲ့ ဝန်ထမ်းတွေဖြစ်ကြတယ်” လို့ပြောပါတယ်။
စစ်ကော်မရှင်ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲကို အသိမှတ်မပြုသလို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ၎င်းတို့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှာဖြစ်သလို ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်လို့ ဟားခါးမြို့နယ် အခြေစိုက် CDF – Hakha အဖွဲ့က သတိပေးထားပါတယ်။

