
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇိုမီး ဝါရင့်နိုင်ငံရေးသမား ၁ ဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ကို “ အကြမ်းဖက်” အမည်တပ်ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့အပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ဇိုမီးအမျိုးသားပါတီ နှင့် ပူဂင့်ကမ်းလျန်ဟာ မည်သည့်ပက်သက်မှုမှ မရှိသော်လည်း ဇိုမီး ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ဟာ သူ၏ ဘဝတလျောက်လုံး နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ်ယုံကြည်လိုက်လျောက်ခဲ့တဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့အပြင် အကြမ်းဖက်လို့ အမည်တပ်ရသည်ထိ မည်သည့်နေရာတွင်မှ ပါဝင်ပတ်သက်မှု ၊ လုပ်ဆောင်မှု မရှိသည်ကို ဇိုမီးအမျိုးသားထုတရပ်လုံးက သိရှိထားကြပြီးဖြစ်ပြီး ဒီလို မှားယွင်း စွပ်စွဲတဲ့လုပ်ရပ်ပေါ် ဇိုမီးအမျိုးသားပါတီ (ZNP) အနေဖြင့် အံသြစိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးကို ရှေးရှုသည့်အနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ လို အဖွဲ့စည်းတရပ်အနေဖြင့် အဲဒီထုတ်ပြန်ချက်ကို ပြန်လည်ရုတ်သိမ်းနိုင်ပါရန် အလေးနက်ထား တိုက်တွန်းတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) ဆိုပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)ပါတီရဲ့အထွေထွေအတွင်း ရေးမှုးဖြစ်သူ တီးတိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဟောင်း ပူးဂင့်ကမ်းလျန်ဟာ ၂၀၂၃ ခုနှစ်နှစ်စမှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရပေမယ့် ပူးဂင့်ကမ်းလျန်က လက်မခံခဲ့တဲ့အတွက် သူ့အစားချင်းပြည်နယ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ( USDP)ရဲ့ ဥက္ကဖြစ်သူ ဒေါက်တာမှုထန်ကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်မှာ ခန့်အပ်လိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG )ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ဒေါက်တာမှုထန်၊ ပူဂင့်ကမ်းလျန်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦး ကို အကြမ်းဖက်သမားတွေ အဖြစ်သတ်မှတ်တဲ့ကြောင်း မနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာထားတာဖြစ်ပါတယ်။

