
ဒီဇင်ဘာလ ၁၈ ရက်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုတဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC) က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးလူထုမှ မွေးဖွားပေးလိုက်တဲ့ နယ်မြေဒေသ အသီးသီးက လူမျိုးဘာသာစုံ လူငယ်ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး ၁၉ ဖွဲ့ စုပေါင်းပြီး နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖြစ် ဖွဲ့စည်းလိုက်တဲ့ပေါ် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုတယ်လို့ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ဆိုပါတယ်။
လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဘုံရည်မှန်းချက် ဘုံလမ်းစဉ်တွေကို အခြေခံပြီး မဟာမိတ်စုဖွဲ့ခြင်း၊ ပူးတွဲကွပ်ကဲမှုများ တည်ဆောက်ဖော်ဆောင်ခြင်းဟာ တော်လှန်ရေး အောင်ပွဲရှိရာ လမ်ကြောင်းဆီကို ပိုမိုတည့်မတ်စွာ လျှောက်လှမ်းနိုင်မယ့် လမ်းစတွေဖြစ်တယ်လို့ NUCC က ယုံကြည်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ် အမျိုးမျိုး အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးနဲ့ လက်တွဲပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC) ဆိုပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA တွင် ချင်းညီနောင် ( CB) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) ၊ယောကာကွယ်ရေးတပ် (YDF) ၊96 Soliders ၊ ဗမာ့တပ်တော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force Federal Democracy (FFD) ၊ GZA (Generation Z Army) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/ PPDF-KD) ၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( SAGAING PDF) ၊ တို့ ပါဝင်ကြပါတယ်။
တော်လှန်ရေးမှာ အရွေ့တခုဖြစ်အောင် သဘောထား၊ မူဝါဒတွေ ကြေကြေလည်လည်ဆွေးနွေးကြပြီးမှ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းကြတာဖြစ်တယ်လို့ ချင်းညီနောင် (CB) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က Chin World Media ကိုပြောဆိုထားပါတယ်။
နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး တော်လှန်ရေး အဖွဲ့(၇) ဖွဲ့ က ဒီနှစ် မေလမှာစတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့သလို ထိုမှတဆင့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင်ပြီး ၃ ရက်တာ ညီလာခံအတွင်း နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု SRA ကို အဖွဲ့ဝင်တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ SRA က ထုတ်ပြန်ထားပါတယ်။

