
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရရှိထားတဲ့ Joshua Van ကို အမေရိကန်ပြည်ထောင်စု အင်ဒီယားပူလစ်မြို့ရှိ Chin Evangelical Baptist Church Life Center မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်ရောက်ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့ပြုလုပ်တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးရခဲ့ပါတယ်။
ချင်းလူငယ် Joshua Van ချန်ပီယံခါးပတ်ရရှိတာကြောင့် UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံဖြစ် စံချိန်တင်သွားပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းဖိုက်တာ Joshua Van ရဲ့ အောင်မြင်မှုဟာ ချင်းအသိုင်းအဝိုင်းအတွက် စိတ်ဓာတ်ခွန်အား၊ ဂုဏ်သိက္ခာ ၊ စည်းလုံးညီညွှတ်မှု နှင့် မျော်လင့်ချက်များကို ယူဆောင်လာတဲ့ကြောင်းကိုလည်း ဂုဏ်ပြုပွဲကော်မတီက ထုတ်ဖော်ပြောကြားထားတယ်လို့ သိရပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ Joshua Van ပွဲကို Chin Baptist Church of USA ( CBCB USA), Chin Community of Indiana ( CCI) နဲ့ Chin Youth Organization of North Americe (CYONA) တို့က အဓိကဦးဆောင်ပြီး ဒီအပြင် ချင်းလူမျိုး အဖွဲ့အစည်းများစွာကလည်း ဦးဆောင်ကျင်းပရာမှာ ပါဝင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိ UFC မှာ ပြိုင်ပွဲပေါင်း ၁၀ ပွဲအထိ ထိုးသတ်ထားပြီး ၉ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

