

ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်(CB)အဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – Spring Revolution Alliance – SRA “ဖွဲ့စည်းကြောင်း မနေ့ဒီဇင်ဘာလ ၁၅ ရက်မှာ အဖွဲ့ ၁၉ ဖွဲ့က စုပေါင်းပြီးထုတ်ပြန်ကြေညာပါတယ်။
နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းဖို့ တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ၂၀၂၅ မေလအတွင်း စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၁ ရက်စတင်ပြီး တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို ၃ ရက်ကျင်းပခဲ့ပြီးတဲ့နောက်အဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ချင်းညီနောင် ( CB)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ချင်းညီနောင်ကတော့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ ပါဝင်လာဖို့ အချင်းချင်းတွေ့ဆုံကြတာ ဆွးနွေးကြတာကြာပါပြီ ကြာပါပြီဆိုတာ အခုမှဖြစ်တာမျိုးမဟုတ်ဘူးဆိုတဲ့ သဘောမျိုးပေါ့နော် အချိန်တော့ နည်းနည်းကြာပြီ သူတို့ရဲ့သဘောထားတွေ ခံယူချက်တွေ ကျနော်တို့ဘယ်လိုမျိုး စုစည်းကြမလဲ ဘယ်လိုမျိုး မူဝါဒတွေပေါ် အခြေခံမလဲဆိုတာ ကြေကြေလည်လည်ဆွေးနွေးကြပြီးမှ အရွေ့ဖြစ်အောင် အလုပ်ဖြစ်အောင် ဘယ်လိုမျိုးလေး လုပ်သွားကြမလဲ ဆွဲခေါ်သွားကြမလဲဆိုတာ တိုင်ပင်ပြီးမှ ဖွဲ့စည်းကြခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။
မဟာမိတ် တပ်ပေါင်းစု ၁၉ ဖွဲ့ထဲမှာ 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)၊ Force For Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသကာကွယ်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်င်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ကောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်တာ တွေ့ရပါတယ်။
မဟာမိတ်တပ်ပေါင်းစု ၁၉ ဖွဲ့ရဲ့ တော်လှန်ရေးကတိကဝတ် ၄ ချက်ကိုလည်း အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ခေတ်အဆက်ဆက်ပြည်သူ တောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးအတွက် တောင်းဆိုချက်၊ စစ်အုပ်စုရဲ့ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကျပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့၊ နွေဦးတော်လှန်ရေးမှာ လွှမ်းခြုံကွပ်ကဲမှုနဲ့ အားနည်းနေတဲ့ ချိတ်ဆက်မှုတွေကို ပြင်ဆင်ကာ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တယားတရပ် ပေါ်ပေါက်လာဖို့နဲ့ တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

