Headlines

ရန်ကုန်မြို့မှာ ချင်းလူငယ် ဓမ္မအမှုတော်ဆောင်ဆရာ ၁ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၈ ရက်။

ရန်ကုန်မြို့မှာ တပတ်ကျော်ကြာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ Pau Muan Lian ဟာ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ မိသားစုနဲ့ အဆက်အသွယ် ရရှိပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်ရန် စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ မိသားစုဝင်များရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။

“သားက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မြို့ထဲကနေ တောင်ဒဂုံကို ပြန်လာခဲ့တယ်။ ပန်းဆိုးတန်းကနေ ကားပေါ် ရောက်ပြီ လို့ ကျွန်ုပ်ကို ဖုန်းပြောလိုက်တယ်။ အဲဒီ နောက်ပိုင်း ဘာ အဆက်အသွယ် တခုမှ မရတော့ဘူး။ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီမှာ ကျွန်တော့်ကို သူ့ဖုန်းနဲ့ ဖုန်းလာ ဆက်သွားတယ်။ အဲလိုနဲ့ သူ့ အခြေအနေတွေ သိခွင့် ရခဲ့တာပါ” လို့ စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရသူရဲ့မိသားစုဝင်ဖြစ်သူက Chin World Media ကို ပြောပြပါတယ်။

ဆရာ Pau Muan Lianက မိမိဟာ တောင်ဒဂုံမြို့နယ်ရှိ သိမ်ကျောင်းမှတ်တိုင် ကနေ ပြည်သူ့ စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင် ခံရခြင်း ဖြစ်ကြောင်း၊ လက်ရှိမှာ ရေနီမြို့သို့ ရောက်ရှိ နေကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မယ့် နေရာကို သွားကြတော့မည် ဖြစ်ပြီး သင်တန်း ကာလ ပြီးဆုံးသည် အထိ မိသားစုနဲ့ ဆက်သွယ်ရန် ခက်ခဲမှာ ဖြစ်ကြောင်း၊ မိမိတို့ မတတ်နိုင်သည့် ကိစ္စ ဖြစ်တဲ့ အတွက် သိပ် မစိုးရိမ်ကြပဲ ဆုတောင်းနဲ့ အချင်းချင်း သတိရဖို့ မှာကြား လိုကြောင်း မိသားစုများကို မှာကြားထားတယ် လို့လည်း သူ့ရဲ့မိသားစုဝင်ထံမှ ဆက်လက် သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် ဆရာ Pau Muan Lian ဟာ ရန်ကုန်မြို့၊ တောင်ဒဂုံ မြို့နယ်ရှိ ယုံကြည်ခြင်း မြို့ပြဧဝံဂေလိ အသင်းတော် နှိုးဆော်ရေးဆရာ နေရာဖြင့် Music Director တာဝန် ထမ်းဆောင်နေသူ ဖြစ်ပြီး မြန်မာပြည် အေဂျီ (ဧဝံဂေလိ)အသင်းတော်များ ရန်ကုန်ရဲ့ ဓမ္မအမှုတော်ဆောင်ကဒ်ပြား ကိုင်ဆောင်သူ ဖြစ်တယ်လို့လည်း သူ၏ ကိုယ်ရေးအချက်အလက်များ အရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *