
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ စစ်အာဏာသိမ်းမှု အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အဆင့် (Temporary Protected Status – TPS) ပေးထားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အပြီးသတ် ရပ်စဲတော့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အကာအကွယ်အဆင့် (TPS) ပေးထားခြင်းကို ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ဟူသော ယူဆချက်အမြင်ကြောင့်ဖြစ်ကြောင်း Department of Homeland Security (DHS) အတွင်းရေးမှူး Kristi Noem က ပြောကြားခဲ့ပါတယ်။
ယာယီခိုလှုံခွင့် ပိတ်ပင်ရခြင်း အကြောင်းရင်းများအဖြစ် မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ တိုးတက်မှုများ ရှိလာခြင်း၊ စစ်ကောင်စီက နိုင်ငံတော်အရေးပေါ်အခြေအနေ (State of Emergency) ကို ရုပ်သိမ်းပြီး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်များ အောင်မြင်စွာ ရရှိထားခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒေသန္တရ အုပ်ချုပ်ရေးများ ထူထောင်ပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးရေးတွင် တိုးတက်မှုများ ရှိလာခြင်း တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အဓိက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မေလ တွင် အမေရိကန်က မြန်မာနိုင်ငံအား TPS ပထမဆုံးအကြိမ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင် DHS စာရင်းအရ မြန်မာနိုင်ငံသား ၃,၆၇၀ ဦးမှ ၄,၀၀၀ နီးပါး သည် TPS အစီအစဉ်အောက်တွင် အကာအကွယ်ရရှိထားကာ အမေရိကန်၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (EAD) ကို တရားဝင် ရရှိထားတာဖြစ်ပါတယ်။
TPS ရရှိသူများသည် လူဝင်မှုကြီးကြပ်ရေး အခြေအနေကြောင့် ဖမ်းဆီးခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းမှ ကင်းလွတ်ပြီး အလုပ်လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာခွင့် လျှောက်ထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

