
နိုဝင်ဘာလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ ထောင်ပိုင် ဦးအောင်မိုးဝင်းနှင့် အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေမှုတွေ လာဘ်စားနေမှုများ နှင့် ကိုယ်ကျိုးစီးပွားရှာဖွေနေတဲ့ လုပ်ရက်တွေအတွက် တာဝန်ခံမှု အမြန်ရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့ က ထုတ်ပြန်ပါတယ်။
မော်လိုက်ကလေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျဉ်းသားများအပေါ် ဖိနှိပ်မှုများနှင့် လာဘ်စားမှုများအား စောင့်ကြည့်မှတ်တမ်းကောက်ယူလျှက်ရှိရာ ထောင်ပိုင်ဦးအောင်မိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူဖြစ်သည့်အပြင် လာဘ်စားမှုများတွင်လည်း အဓိက ဦးဆောင်လျှက်ရှိနေသည်ကို စိစစ်တွေ့ရှိရတယ်လို့ PPNM က ဆိုပါတယ်။
အဓိကငွေရှာနေသည့် လမ်းကြောင်းအနေနဲ့ ပရိဘောဂပစ္စည်းထုတ်လုပ်ရေးကို အကျဉ်းသားများအား ဖိအားပေးခိုင်းစေ၍ အိမ်တွင်းသုံးနှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ရောင်းချပြီး တစ်လလျှင် ငွေကျပ် သိန်း(၅၀၀)ခန့် အနည်းဆုံးရရှိလျက်ရှိသလို ထိုပရိဘောဂလုပ်ငန်းမှ ရရှိငွေများကို ထောင်ပိုင်နှင့်အကျဉ်းဦးစီးအရာရှိဝန်ထမ်းများမှ အဓိကရယူနေလျက်ရှိပြီး ပင်ပန်းစွာ လုပ်ကိုင်နေကြရသည့် အကျဉ်းသားများမှာမူ မည့်သည့် အကျိုးခံစားခွင့်မှမရရှိကြောင်းလည်း သိရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအပြင် အကျဉ်းထောင်တွင်းသို့ တားမြစ်ပစ္စည်းများဖြစ်သည့် ကွမ်းယာများ ယူဆောင်တင်သွင်းခွင့်မပြုရဟု အမိန့်ထုတ်ပြန်၍ ထောင်တွင်း၌ ကွမ်းယာရောင်းဝယ်ရေးကို အမြတ်ကြီးစား၍ ခြောက်ယာပါ ကွမ်းတစ်ထုပ်ကို မြန်မာကျပ်ငွေ တစ်ထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိနေပြီး အကျဉ်းဦးစီးသတင်းအရင်းအမြစ်တစ်ဦး၏ ပြောဆိုချက်တွင် တစ်နေ့လျှင် ကွမ်းထုတ်ရေ လေးရာခန့်ရောင်းချနေရကြောင်း သိရှိရပြီး အဆိုပါလုပ်ငန်းတွင် ထောင်ပိုင်၏ ဇနီးပါ ပါဝင်ပတ်သက်လျက်ရှိနေတယ်လို့ဆိုပါတယ်။
တတိယဝင်ငွေရ လုပ်ငန်းအဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို ၎င်းတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်လျက်ရှိပြီး ထောင်တွင်း မွေးမြူရေး နွားနှင့်ကြက်များအပါအဝင် စိုက်ပျိုးရေးမှရရှိသည့် သီးနှံများကို ပြင်ပဝယ်ယူလိုသူများထံရောင်းချလျက်ရှိပြီး အကျဉ်းသားများရိက္ခာအတွက် စိုက်ပျိုးစားသောက်ခွင့်ကို ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အိပ်ဆောင်အတွင်း အလုပ်မလုပ်လိုသည့် အကျဉ်းသားများထံမှ ငွေ ယူ၍ ငွေရှာဖွေမှုများကိုလည်း တွေ့ရပြီး အလုပ်မလုပ်လိုပါက တစ်လအတွက် မြန်မာကျပ်ငွေတစ်သိန်းခန့် အကျဉ်းဦးစီးဝန်ထမ်း ဟန်ဝင်းအောင်မှ တဆင့် ထောင်ပိုင်ကြီးဆီသို့ အဆင့်ဆင့်ငွေ ပေးသွင်းနေကြရတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။
လာဘ်စားမှုနှင့် ကိုယ်ကျိုးစီးပွားရှာဖွေနေသည့် ထောင်အာဏာပိုင်များအား လူမှုရေးပြစ်ဒဏ်ပေးရန် အထူးလိုအပ်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်နေမှုများအတွက်လည်း တာဝန်ခံမှု အမြန်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိနေပြီး PPNM အဖွဲ့အစည်းအနေဖြင့်လည်း ထိရောက်သည့် ဖိအားပေးအရေးယူမှုများ ဖြစ်လာစေရေး ကလေးမြို့အနီးရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

