Headlines

ရွေးကောက်ပွဲဝင်မယ့် CNLD ပါတီဝင်ဟောင်းတွေနဲ့သက်ဆိုင်မှု မရှိကြောင်း CNLDပါတီ ထုတ်ပြန်

created by Polish

အောက်တိုဘာလ ၃၀ ရက်။

အာဏာသိမ်း စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌဟောင်း ၂ ဦးအပါအဝင် ပါတီဝင်ဟောင်း ၄ ဦးတို့ဟာ CNLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျည်းနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပါတီနှင့် သက်ဆိုင်မှု မရှိတော့ကြောင်း ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းခံရပြီးဖြစ်တဲ့ CNLDပါတီက ထုတ်ပြန်ထားပါတယ်။

CNLD ပါတီ ဥက္ကဌဟောင်း ၂ ဦးဖြစ်ခဲ့တဲ့ Pu No Than Kap နဲ့ Pu Zozam တို့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅ – ၁၁) က ဖွဲ့စည်းတဲ့ ပါတီညီလာခံတွင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းထာတဲ့ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီတွင်လည်း ပါဝင်ခြင်းမရှိသလို Pu No Than Kap ဟာ ၂၀၂၁ ခုနှစ် ၊ မေလ ၂၁ ရက်နေ့မှာဘဲ CNLD ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်စာပေးပို့ပြီး ပါတီကနေ နှုတ်ထွက်ခဲ့ပြီး Pu Zozam ကတော့ ၂၀၂၁ ခုနှစ် ပါတီညီလာခံကျင်းပပြီးနောက်ပိုင်း ပါတီနှင့် အဆက်အသွယ်ဖြတ်ပြီး ပါတီမူဝါဒရပ်တည်ချက်နှင့် သဘောထားကွဲလွဲ ခဲ့တဲ့အတွက် ဗဟိုအလုပ်မှုဆောင်ကော်မတီက ပါတီဝင်အဖြစ်ကနေ ရပ်စဲခဲ့ပြီးဖြစ်တယ်လို့ CNLD ပါတီက ဆိုပါတယ်။

Salai Nhegepi @ Thian Uk Thang သည် ပါတီညီလာခံမှာ ဖွဲ့စည်းတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ ပါဝင်ခဲ့ပေမယ့် ညီလာခံကျင်းပပြီးနောက်ပိုင်း ပါတီနှင့် အဆက်အသွယ်ဖြတ်ပြီး ပါတီမူဝါဒရပ်တည်ချက်နှင့် သဘောထားကွဲလွဲခဲ့တဲ့အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပါတီဝင်အဖြစ်ကနေ ရပ်စဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Pu Van Hmun Lian ဟာလည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေတွင် CNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်ပွဲနောက်ပိုင်း ပါတီနှင့် အဆက်အသွယ်ဖြတ်ပြီး ပါတီမူဝါဒရပ်တည်ချက်နှင့် သဘောထားကွဲလွဲခဲ့တဲ့အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပါတီဝင်အဖြစ်ကနေ ရပ်စဲခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ Pu Zozam က ရန်ကုန်တိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Pu No Than Kap ဟာ ချင်းပြည်သစ်ကွန်ဂရက်ပါတီကနေ ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ၊ Pu Ngepi Thian Uk Thang ဟာ ချင်းပြည်သစ်ကွန်ဂရက်ပါတီကနေ ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၃ မဲဆန္ဒနယ်ကနေယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက် CNLD ပါတီဟာ ပြန်မှတ်ပုံမတင်တဲ့အတွက် ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *