Headlines

ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ကြောင်း ထုတ်ပြန်

created by Polish

စက်တင်ဘာလ ၁၄ ရက်။

ချင်းပြည်နယ်ရှိ ပလက်ဝ၊မတူပီ၊မင်းတပ်၊ကန်ပက်လက် ၄ မြို့နယ်မှ မဲဆန္ဒနယ် ပေါင်း ၁၁ ခုအပါအဝင် ရွေးကောက်ပွဲ မကျင်းပမယ့် လွှတ်တော်သုံးရပ်မှ မဲဆန္ဒနယ် ၁၂၁ နယ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာလ ၁၄ ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာပါတယ်။

ချင်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ ထဲမှ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များ ထဲမှ မတူပီခရိုင်၊ မင်းတပ်ခရိုင် နှင့် ပလက်ဝ ခရိုင် မဲဆန္ဒနယ် ၃ ခုကို လည်းကောင်း၊ ချင်းပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ထဲကနေ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ် ၄ ခုကို လည်းကောင်း၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁ ခုမှာ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေငြာချက် အရ သိရ ပါတယ်။

ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ်များ နဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မရှိတဲ့ ဒေသများ ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့မှာ ရွေးကောက်ပွဲများ ကျင်းပခြင်း ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကြေငြာချက်မှာ ဖော်ပြ ထား ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၅) နယ်၊ အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၂၆) နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၆၆) နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၄၂) နယ် နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉) နယ်တို့မှာသာ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ လည်း ထုတ်ပြန်ကြေညာချက်မှာ ပါရှိ ထား ပါတယ်။

ချင်းပြည်နယ်ကနေ ရွေးကောက်ပွဲ မကျင်းပနိုင်မည့် ပလက်ဝမြို့နယ်ကို AA တပ်ဖွဲ့မှလည်းကောင်း၊ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ နှင့် မတူပီ မြို့တို့ကို ချင်းညီ ေနာင်(Chin Brotherhood )အဖွဲ့မှ လည်းကောင်း အသီးသီး သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ခူမီးအမျိုးသားပါတီ ( KNP ) ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC) နှင့် ဇိုမီးအမျိုးသားပါတီ ( ZNP) တို့က ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *