
ဩဂုတ်လ ၇ ရက်နေ့မှာ ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရှိခဲ့ရ ပါတယ်။
ဇိုမီးအမျိုးသားပါတီ (ZNP) ကို မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုတယ်လို့ ဖော်ပြထားကာ ZNP ပါတီ ရဲ့ ပါတီမှတ်ပုံတင် အမှတ်ဟာ(၅၉) ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။
ဇိုမီးအမျိုးသားပါတီဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့မှာ ပါတီတည်ထောင်ခွင့် ရရှိခဲ့ကာ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ ၃ ရက်နေ့မှာ ဦးထန်ရှင်းခိုင် ခေါင်းဆောင်ပြီး လျှောက်ထားခဲ့ ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကိုယ်စားပြုပြီး မှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီနှင့် ဇိုမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။