
အမေရိကန်လေတပ်က အီရန်နိုင်ငံရှိ နျူကလီးယားစခန်းသုံးခုဖြစ်တဲ့ Fordow, Natanz နဲ့ Esfahan တို့ကို ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ အီရန်နဲ့ငြိမ်းချမ်းရေးထူထောင်ရန် အချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် လေးမိနစ်ဝန်းကျင်အကြာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က “အောင်မြင်တဲ့ တိုက်ခိုက်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်လေယာဉ်အားလုံးလည်း အီရန်လေပိုင်နက်ပြင်ပကို ပြန်လည်ရောက်ရှိပြီး ဘေးကင်းစွာ အိမ်ပြန်လမ်းမှာရှိနေကြပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ ကြီးမြတ်တဲ့ အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုကြောင်း၊ ဤကမ္ဘာပေါ်တွင် ယခုကဲ့သို့ လုပ်ဆောင်နိုင်တဲ့ အခြားမည်သည့်စစ်တပ်မျှမရှိကြောင်း၊ ယခုပင် ငြိမ်းချမ်းရေးထူထောင်ရန် အချိန်တန်ပြီဖြစ်ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့အီရန်စစ်ပွဲအကြား အမေရိကန်ရဲ့ပါဝင်လာမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတာရက်စ်က ”အခုပဋိပက္ခဟာ ထိန်းမနိုင် သိမ်းမရ အခြေဆိုက်သွားနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ ဒေသတွင်းနဲ့ အရပ်သားတွေသာမက ကမ္ဘာတခုလုံးကို ဆိုးကျိုးဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။
သူ့ရဲ့လူမှုကွန်ယက်မှာလည်း ”အခုလို အခါမျိုးမှာ ကသောင်းကနင်းဆက်မဖြစ်အောင် ရှောင်ရှားဖို့ အရေးကြီးပါတယ်။ အရာအားလုံးကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရပါဘူး။ ရှေ့ဆက်လုပ်နိုင်မှာက သံခင်းတမန်ခင်းဖြစ်ပါတယ်။ တစ်ခုတည်းသော မျှော်လင့်ချက်က ငြိမ်းချမ်းရေးဖြစ်ပါတယ်” လို့ ရေးပါတယ်။
ဒေါ်နယ်ထရမ့်က အီရန်စစ်တပ် တပ်မှူးဟောင်း ကာဆမ် ဆိုလီမန်နီကြောင့် လူထောင်ချီ အသက်ဆုံးရှုံးခဲ့ကြောင်း၊ သူ့အနေနဲ့ ”ဟိုးတစ်ချိန်တုန်းက ကျွန်တော်ဆုံးဖြတ်ခဲ့တာရှိတယ်။ ဒါမျိုး နောက်တစ်ကြိမ် ဖြစ်ခွင့် မပေးနိုင်ဘူးပေါ့။ ဒါမျိုး ဆက်ဖြစ်မှာမဟုတ်တော့ပါဘူး” လို့ပြောပါတယ်။
သူကဆက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အစ္စရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ပယ်ဖျက်ဖို့ အစ္စရေးနဲ့အတူ ယခုစစ်ဆင်ရေးအတွက် အတူတကွ လုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။
အစ္စရေးနဲ့အီရန်စတင်စစ်ဖြစ်ပွားတဲ့ ဇွန်လ (၁၃) ရက်နေ့ကလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “ ကျွန်တော် အီရန်ကို သဘောတူညီမှု ရယူဖို့ အခွင့်အရေးများစွာ ပေးခဲ့ပါတယ်။ “ဒါကို လုပ်လိုက်ပါ” လို့ စကားလုံးပြင်းပြင်းထန်ထန်နဲ့ ပြောခဲ့ပေမယ့် သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ နီးစပ်လာလာ၊ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အသေအပျောက်အများဆုံး စစ်ဘက်သုံးပစ္စည်းတွေကို အများကြီး ထုတ်လုပ်တယ်၊ အများကြီးကို ထုတ်လုပ်တယ်၊ အီရန်သိတဲ့ ဘယ်အရာထက်မဆို၊ သူတို့ မျှော်လင့်ထားတဲ့ ဘယ်အရာထက်မဆို၊ ဒါမှမဟုတ် သူတို့ကို ပြောပြခဲ့တဲ့ ဘယ်အရာထက်မဆို အများကြီး ပိုဆိုးရွားလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အစ္စရေးမှာလည်း ဒါတွေ အများကြီးရှိတယ်၊ ပိုပြီး ရောက်လာဦးမှာ – ပြီးတော့ သူတို့ ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း သူတို့သိတယ်” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုမှုများနဲ့ပတ်သက်ပြီး အီရန် နိုင်ငံပိုင် ရုပ်သံမှာ ဖော်ဒိုနျူကလီးယားစက်ရုံနေရာကို ဖျက်ဆီးလိုက်ပြီဆိုတာဟာ ဒေါ်နယ်ထရမ့်ရဲ့ လေလုံးထွား ပြောဆိုနေမှုဖြစ်ပြီး ‘ဖော်ဒို နျူကလီးယားစက်ရုံ၀င်းရဲ့ အ၀င်နဲ့အထွက် လိုဏ်ခေါင်းနှစ်ခုပဲ ပျက်စီးတယ်လို့ဒီမနက် ဇွန်လ ၂၂ ရက် မနက်မှာပဲ ကြေညာခဲ့ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုအပေါ် အီရန်ရုပ်သံက ဒေသတွင်းရှိ အမေရိကန် နိုင်ငံသား သို့မဟုတ် စစ်မှုထမ်းသူမှန်သမျှဟာ ယခုအခါ အီရန်၏ “ပစ်မှတ်” ဖြစ်လာပြီဖြစ်ကြောင်း၊ အီရန်၏ ဝေဟင်နယ်နိမိတ် ချိုးဖောက်ပြီး အီရန်အပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့အပေါ် အမေရိကန်အနေနဲ့ အနောက်အာရှဒေသတွင် နေရာမရှိကြောင်း၊ အမေရိကန်နဲ့ထရမ့်ကို လက်တုန့်ပြန်သွားမှာဖြစ်ကြောင်း ဒီကနေ့မနက်မှာ ကြေညာခဲ့ပါတယ်။
Soruce; White House, BBC, President Donald J.Trump, Time of Israeal



