
ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီ ဦးဆောင်မှုနဲ့ မနေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၊ဂျန်တားမန်းတားရပ်ကွက်မှာ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ က ထုတ်ပြန်ထားပါတယ်။
နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသား လူရာချီက မိမိရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို UNHCR ရုံးနဲ့တကွ တာဝန်ရှိသူတွေထံ တောင်းဆိုကြဖို့အတွက် မနေ့ ဇွန်လ ၂၀ ရက် နေ့လည်ပိုင်း ၂ နာရီကစလို့ ၃ နာရီခွဲအထိ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခဲ့ကြတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆက်ဆက်ဖိနှိပ်မှုနှင့် ၂၀၂၁ ခုနှစ်မှာ ထပ်မံ အာဏာသိမ်း ခဲ့မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ စစ်ဘေးရှောင်ဒုက္ခသည် မြန်မာပြည်သားများစွာ ခိုလှုံနေရပါတယ်။
