Headlines

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ပညာရေးဌာန ဘုတ်အဖွဲ့ဝင်လို့ အွန်လိုင်းမီဒီယာတွေပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေကိုကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်

မေလ ၂၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်မှာ မေလ ၂၂ ရက်နေ့က HPO/CDF Hualngoram ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင်လို့ အွန်လိုင်းမီဒီယာတွေပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကြား မလိုလားအပ်တဲ့ ပဋ္ဋိပက္ခဖြစ်ပေါ်စေနိုင်တာကြောင့် ကန့်ကွက်ရှုတ်ချတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ပညာရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိန်းခံရထားသူဟာ ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာနနဲ့ လုံးဝပတ်သက်မှုမရှိသလို ချင်းအမျိုးသားအဖွဲ့ချုပ်၊ပညာရေးဌာနရဲ့ ဂုဏ်သိက္ခာပျက်ပြားစေဖို့ ရည်ရွယ်ချက်သက်သက်ဖြင့် မဟုတ်မှန်လုပ်ကြံစွပ်စွဲရေးထားတဲ့ သတင်းတွေလို့ CNO ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

HPO/CDF Hualngoram က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ စွပ်စွဲပြီးဖမ်းဆီးခံရသူရဲ့ ခင်ပွန်းဖြစ်သူ ဆရာငွန်ဆွီးထန်းဟာ ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာနရဲ့ ဘုတ်အဖွဲ့ဝင်လုံးဝမဟုတ်တဲ့အကြောင်းနှင့် CAS – ဗို့ဘစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ၂၀၂၃ – ၂၀၂၄ ကနေ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာ စေတနာ့ဝန်ထမ်း တာဝန်ခံကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

အွန်လိုင်းမီဒီယာတွေမှာ မြင်တွေ့ရတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မူကြိုကလေးငယ်တွေရှေ့မှောက် မူးယစ်ဆေးဝါးတွေ ဖွင့်ဖောက် စစ်ဆေးနေတာနဲ့ ကျောင်းဝန်းကျင်အတွင်း မူးယစ်ဆေးဝါး သိုလှေင်သိမ်းဆည်းတာက အလွန်ကျည်းတန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခုလို မဟုတ်မမှန်စွပ်စွဲမှုတွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကြား မလိုလားအပ်တဲ့ ပဋ္ဋိပက္ခတွေဖြစ်စေနိုင်သလို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ဖော်ဆောင်တဲ့နေရာမှာ ကြီးမားတဲ့ အဟန့်အတားဖြစ်တဲ့အတွက် ပြင်းထန်စွာကန့်ကွက်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) တည်ဆောက်ရေးကို ပဓာနထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ဓာတု ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားခြင်းကို ဆက်လက်တားဆီးတိုက်ဖျက်သွားမယ်လို့လည်း အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကိုထိန်းချူပ်ထားတဲ့ HPO/CDF Hualngoram က မေလ ၂၂ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *