Headlines

စစ်မှုထမ်းအသက်အကျုံးဝင်သူ အမျိုးသား/အမျိုးသမီးတွေကို ရခိုင်ပြည်နယ်ကနေ ထွက်ခွါခွင့် ပိတ်ပင်ကြောင်း AA ထုတ်ပြန်

မေလ ၂၃ ရက်။

စစ်မှုထမ်းအသက်အကျုံးဝင်သူ (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အမျိုးသား/အမျိုးသမီးတွေကို ရခိုင်ပြည်နယ်ကနေ ထွက်ခွါခွင့် ပိတ်ပင်တဲ့အချက်အပါအဝင် တားမြစ်တဲ့ အချက်(၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက်နေ့မှာ ” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ထုတ်ပြန်လာပါတယ်။

အခုလို ထုတ်ပြန်ရာမှာ ” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ဟာ အမျိုးသားကာကွယ် ရေးဆိုင်ရာအ ရေးပေါ် ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို ၂၀၂၅ ခုနှစ်၊ မက်ချ် (၁၈) ရက်နေ့က စတင်ပြဋ္ဌာန်းပြီး အာရက္ခဒေသအတွင်း နေ ပြည်သူလူထုတရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ လုံခြုံရေး၊ တည်တံ့ရေးကို အထူးအလေး ပေးဆောင်ရွက်လျက် ရှိနေကြောင်း၊မပြီးပြတ်သေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဆင်နွှဲရင်း“အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ လက်ထဲသို့ ရောက်ရှိ ရေး” စတဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်လျက်ရှိနေတယ်လို့ ULA/AA ကထုတ်ပြန်ပါတယ်။

တခြားတဖက်မှာလည်း ရခိုင်ပြည်ထဲက လူငယ်လူရွယ်အနည်းစုအနေနဲ့ (ULA/AA) က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွဲဖို့ ကြိုးစား အားထုတ်လာတာတွေကို ကြားသိနေရတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် အခုအချိန်ကာလတွေအတွင်း ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အာရက္ခဒေသရဲ့ ပြင်ပသို့ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေကြတဲ့သူတွေကိုတားမြစ်ကာ အောက်ပါ စည်းကမ်းချက်တွေကို ထုတ်ပြန်လိုက်ပါတယ်လို့ ULA/AA ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ULA/AA ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကတော့

(၁) ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ အာရက္ခဒေသအတွင်းက နေရပ်စွန့်ခွာပြီး သွားလိုကြတဲ့သူတွေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ အာရက္ခဒေသရဲ့ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစား ကြသူတွေကို သွားလာခွင့်မပြုဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေတခုသို့ ရောက်ရှိလာတဲ့ အထိ တားမြစ်လိုက်တယ်။

(၂) အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေ လွဲပြီး နေရပ်စွန့်ခွာ သွားလိုကြသောသူတွေဟာ NDEP ပြဋ္ဌာန်းချက်ပါ အသက်အရွယ် (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်း အကျုံးဝင်တဲ့သူတွေကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်လိုက်တယ်။

(၃) အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလိုကြတဲ့သူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ အခကြေးငွေယူပြီး သယ်ယူပို့ဆောင် ပေးနေသူတွေကို တားမြစ်လိုက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်။

(၄) အ ခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်တွေ၊ နွားကုန်သည်တွေ၊ နွားအချ အငှားလိုက်သူတွေ ကုန်သည်တွေ အနေနဲ့ သွားလာကြတဲ့ အချိန်တွေမှာ လူပိုတွေကို ခေါ်ဆောင်တာ၊ အခကြေး ငွေယူပြီး လူကယ်ရီပို့ဆောင်တာတွေကို လုံးဝမပြုလုပ်ဖို့ တားမြစ်လိုက်တယ် စတဲ့ အချက် (၄) ချက်ဖြစ်ပါတယ်။

အရေးပေါ်ကာလကို ပြန်လည်ရုပ်သိမ်းမယ့် အချိန်ကို ထပ်မံအသိ ပေးသွားမှာ ဖြစ်တယ်လို့လည်း ULA/AA ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *