Headlines

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဧပြီလ ၉ ရက်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးကို ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် (CB) မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF, Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA) ,Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့), Generationa Z Army (GZA) ,Giant Revolution Force (GRF) ,Harmonious Northern Brother (HNB), Kalay Revolution Force (KRF), Kalay Urban Guerrialla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA) ,Revolvtion Ambulance Wolf ( RAW Medical Team), Sagaing Federal Troop (SFT – စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု) ,Yaw Defense Force (YDF), Zo Army (ZA) ကလေးခရိုင် ပကဖနှင့် ဒရုန်းအဖွဲ့တွေက ပါဝင်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်အောင် ဖော်ဆောင်နိုင်ခဲ့တာဟာ ချင်းညီနောင် နဲ့ မဟာမိတ်အင်အားစုတွေရဲ့ မဆုတ်မနှစ်တဲ့ စိတ်ဓာတ်ဖြင့် ကြံံ့ကြံ့ခံထိုးစစ်ဆင် တိုက်ခိုက်မှု၊ အာရက္ခတပ်တော်က ခဲယမ်းလက်နက်တွေ အပြင် စစ်ရေးဆိုင်ရာ အကြံညဏ်တွေ ပံ့ပိုးကူညီမှုနဲ့ မိဘပြည်သူတွေများရဲ့ တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုကြောင့်သာဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်အပ်တယ်လို့ ဆိုပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အသက်ပေးလှူသွားတဲ့ အာဇာနည်သူရဲကောင်းတွေ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံချီတက်တိုက်ပွဲဝင်ခဲ့တဲ့ တပ်မူးတပ်သား တွေရဲ့ ဇွဲလုံလ ရှိမှုတို့ကို လေးစားဂုဏ်ပြုကြောင်း နဲ့ ချင်းညီနောင်အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကချင်းညီနောင်အဖွဲ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၅ လပြည့်တဲ့ နေ့မှာဘဲ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီကင်းစင်အောင် တိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ကို ချင်းလက်နက်ကိုင်အဖွဲတွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) စတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *